ပြည်တွင်းငြိမ်းချမ်းရေးရရှိလာသည်နှင့် ယခင်ကစစ်ဘေးဒဏ်ခံခဲ့ရသော တိုင်းရင်းသားဒေသများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံကိန်း ချမှတ်၍ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်ပေးပါရန် အဆို


ရိုသေလေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့်  အမျိုးသားလွှတ်တော် ကိုယ်စား လှယ်များခင်ဗျား။  မင်္ဂလာအပေါင်းနှင့်ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဂါရဝပြု အပ်ပါတယ်။ ကျွန်တော်ကတော့ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘိုးရယ်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥက္ကဋ္ဌကြီးရဲ့ခွင့်ပြုချက်အရ ပြည်တွင်း ငြိမ်းချမ်းရေးရရှိလာသည်နှင့် ယခင်က စစ်ဘေးဒဏ်ခံခဲ့ရသော တိုင်းရင်းသားဒေသများ အလျင်အမြန် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံကိန်း ချမှတ်၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို ကို တင်သွင်းသွားမှာဖြစ်ပါတယ်။

            လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ နှစ်ပေါင်းများစွာတိုင်းရင်းသားညီအစ်ကိုချင်း လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်း နှောင့်နှေးကြန့်ကြာခဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဟာလည်း နောက်ကျကျန်ခဲ့ရတာ အားလုံးအသိပဲဖြစ်ပါတယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုအားနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို အတူတကွ လျှောက်လှမ်းရမယ့်အစား အချင်းချင်း လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြတဲ့ အထူးရလာဒ် အနေနဲ့ ကျွန်တော်တို့နိုင်ငံဟာ ၁၉၈၇ ခုနှစ်မှာ ဖွံ့ဖြိုးမှုအနည်းဆုံး LDC စာရင်းဝင်နိုင်ငံ အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။

            ဒီလိုနှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ဒေသတွေ တစ်နည်း ပြောရမယ်ဆိုလို့ရှိရင်တော့ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ တိုင်းရင်းသားဒေသ တွေအနေနဲ့ကတော့ အစစအရာရာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဒေသတွေဖြစ်မယ် ဆိုတာကတော့ ဆိုဖွယ်ရာရှိမယ်မထင်ပါဘူး။ ယခင်နိုင်ငံတော်အစိုးရအနေနဲ့ မိဘနဲ့ မခြား နိုင်ငံတော်အတွင်းမှာရှိတဲ့ တိုင်းရင်းသားဒေသတွေအားလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ဖို့ မေတ္တာ၊ စေတနာအပြည့်နဲ့ ဆောင်ရွက်ခဲ့ပေမယ်လို့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့အခြေအနေ အရပ်ရပ်တွေကြောင့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အပြည့်အဝ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိတာကို လေ့လာသိရှိရပါတယ်။ အထူးသဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးအရ တချို့ကျေးရွာတွေကို စုစည်းကျေးရွာအဖြစ် သတ်မှတ် ရွှေ့ပြောင်းခံခဲ့ရပါတယ်။ စုစည်း ကျေးရွာအိမ်ထောင်စုများဟာ အိုးပြစ်၊ အိမ်ပြစ် ကျွဲ၊ နွား၊ လယ်၊ ယာ သီးနှံတွေဆုံးရှုံးပြီးတော့မှ မိမိတို့ရဲ့ဘဝတွေကိုတစ်ကနေ ပြန်စခဲ့ကြရတာ ဖြစ်ပါတယ်။ စစ်ဘေးကြောင့် နေအိမ်အချို့လည်း မီးလောင်ဆုံးရှုံးခဲ့ရတယ်။ ဘာသာရေးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေလည်း ပျက်စီးယိုယွင်းခဲ့ရတယ်။ စစ်ရေးအထောက်အကူပြု ဝန်ထမ်းတွေအဖြစ် လိုက်ပါရင်း မိမိတို့အသက်ဆက်ဖို့ ရှာဖွေစားသောက်ရင်းနဲ့ မိုင်းနင်းမိလို့လည်း ဒုက္ခိတဘဝ ရောက်ခဲ့ ရသူအချို့လည်း ရှိခဲ့တယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေ သွားလာရေးခက်ခဲလို့၊ ပညာသင်ကြားရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရခဲ့တဲ့အတွက် မသေသင့်ဘဲနဲ့လည်း သေဆုံးခဲ့ကြရပါတယ်။ ယင်းဖြစ်စဉ်ဖြစ်ရပ်များဟာ စစ်ဘေးစစ်ဒဏ်သင့် တိုင်းရင်သားပြည်သူတွေအတွက် စိတ်ဒဏ်ရာ တွေကို ရရှိစေခဲ့တာဖြစ်ပါတယ်။

            လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့နိုင်ငံတော် အစိုးရဟာ နိုင်ငံတော်ကို ဖွံ့ဖြိုးမှုအနည်းဆုံး LDC စာရင်းဝင်နိုင်ငံအဖြစ်မှရုန်းထွက်ပြီး ထောင်စုနှစ် ရည်မှန်းချက် ပြည့်မီဖို့အတွက် အားသွန်ခွန်စိုက်ဆောင်ရွက်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့ အမြော်အမြင်ကြီးမားစွာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ အတူ ဘက်စုံထောင့်စုံဒေသစုံမှာ ဒီမိုကရေစီအသီးအပွင့်တွေ ရရှိခံစားအောင် ဆောင်ရွက်ပေးနေတာကိုလည်း ပြည်သူများကိုယ်တွေ့ ခံစားနေကြပြီ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတော်အစိုးရအနေနဲ့ ယနေ့အချိန်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အထူးအလေးထားဆောင်ရွက်ပေး နေတဲ့အတွက် ကျွန်တော့်အနေနဲ့လည်း ပြည်သူများနဲ့ထပ်တူ ဝမ်းမြောက်ဂုဏ်ယူ မဆုံးဖြစ်ရပါတယ်။

            ကျွန်တော်တို့ဒေသမှာ နှစ်ပေါင်းများစွာ မရရှိခဲ့ဘူးတဲ့ ဒေသတည်ငြိမ်ရေးအေးချမ်းရေးနဲ့ အတူ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု၊ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှု၊ လျှပ်စစ်မီးလင်း လာမှုများကို စတင်ခံစားလာရပြီ ဖြစ်ပါတယ်။ ဒါအပြင် NGO တွေ၊ INGO တွေရဲ့ပူးပေါင်း ဆောင်ရွက်မှု၊ တပ်မတော်နယ်လှည့်အခမဲ့ဆေးကုသမှု စတဲ့ ပြည်သူလူထုများ အတွက် နွေးထွေးတဲ့ မေတ္တာ၊ စေတနာပေးဝေမှုများဟာ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူများရဲ့စိတ်ဒဏ်ရာကို သက်သာလာစေခဲ့ပြီ ဖြစ်ပါတယ်။ များမကြာမီ ငြိမ်းချမ်းရေးနဲ့အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက် လာနိုင်တာ နဲ့အမျှ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ပြည်သူများရဲ့ အသိအမြင် ဗဟုသုတတွေလည်း တိုးပွားလာပြီး အတွေးအခေါ်ခံယူချက်၊ ယုံကြည်ချက်များလည်း တိုးတက်ပြောင်းလဲလာကာ ယင်းသို့ ခံစားရတဲ့ စိတ်ဒဏ်ရာများ လည်း ပျောက်ကင်းသွားလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။

            လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ကို အဘက် ဘက်မှနေ ဘက်စုံထောင့်စုံ ဖွံ့ဖြိုးတိုးတက်အောင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နိုင်ငံတော်တစ်ဝန်းလုံး အချိုးညီညီဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဦးစားပေးအဆင့်တွေ သတ်မှတ်ပြီး စီမံကိန်းများချမှတ်ဆောင်ရွက် သွားမှသာလျှင် ပိုမိုထိရောက် အောင်မြင်မယ်လို့ ထင်မြင်ယူဆမိပါတယ်။ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ တစ်နည်းအားဖြင့် ဖွံ့ဖြိုးမှုအနိမ့်ဆုံး ဒေသတွေကို ယခင်ကလိုပဲ အထူးဒေသတွေအဖြစ်သတ်မှတ်ပြီးမှ နှစ်တို၊ နှစ်ရှည်စီမံကိန်းတွေ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်တယ်လို့ သုံးသပ်တင်ပြ အပ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအခြေခံကျတဲ့ တစ်ဦးချင်းဝင်ငွေတိုးတက်ရေးကို ရရှိနိုင်မယ့်နည်းလမ်းတွေ ရှာဖွေဖော်ထုတ် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ကျေးလက်ဒေသတွေမှာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနဲ့သာ အသက်မွေးကြတာဖြစ်လို့ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်တွေ ဖြစ်တဲ့ ကုန်းမြင့် လယ်ယာဖော်ထုတ်ရေးလုပ်ငန်း၊ လယ်ယာသုံးစက်ကိရိယာများ ပံ့ပိုးပေးခြင်း၊ ဒေသနှင့်ကိုက်ညီတဲ့ စက်မှုကုန်ကြမ်းသီးနှံ၊ မျိုးကောင်းမျိုးသန့် များဖြန့်ဝေပေးခြင်း၊  လိုအပ်တဲ့ရင်းနှီးမတည်ငွေ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက် ပေးစေလိုပါတယ်။ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ကျေးရွာများကို နိုင်ငံတော်က ဆောင်ရွက်ပေးနေတဲ့မြစိမ်းရောင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာလည်း ထည့်သွင်းသတ်မှတ် ဆောင်ရွက်ပေးစေလိုပါတယ်။

            ဒီလိုကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာမှာ ကျွန်တော့်အနေနဲ့ မေတ္တာ ရပ်ခံလိုတဲ့ အချက်ကတော့ ကျေးလက်ပြည်သူများဟာ ‌ေမြစွဲ၊ ရေစွဲ၊ ဒေသစွဲတွေ ရှိခဲ့တဲ့အတွက် ဆောင်ရွက်ပေးမယ့်စီမံကိန်းအတွက်ချပြ ရှင်းလင်းပညာပေးရမယ့်အပြင်ကို ဆောင်ရွက်ပေးမယ့် ဌာနဆိုင်ရာများအနေဲ့ကလည်း စိတ်ရှည်သီးခံပေးဖို့အတွက် ကြိုတင်မေတ္တာရပ်ခံ တင်ပြလိုပါတယ် ခင်ဗျား။ တစ်ဆက်တည်းတင်ပြလိုသည်မှာ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ဒေသများမှာ မိုင်းများရှိနေတာကြောင်‌့ ငြိမ်းချမ်းရေး ရရှိလာတာနဲ့မိုင်းရှင်းလင်းရေးလုပ်ငန်းကိုပါ အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။

            လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေနဲ့ အခုအခါ မှာ နိုင်ငံတော်အစိုးရရဲ့ကြိုးပမ်းမှုကြောင်‌့ ပြည်သူတစ်ရပ်လုံးမျှော်လင့်တောင့်တနေကြတဲ့ ဒေသ တည်ငြိမ် အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် မြင့်မားလာပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရမှ ဖွံ့ဖြိုးရေးလုပ်ရန်မဟုတ်ဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ရင်း ငြိမ်းချမ်းရေး ရအောင် တည်ဆောက်သွားသင့်ပါတယ်။ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ တိုင်းရင်းသား ဒေသများမှာ တစ်ချိန်တစ်ခါက ပဋိပက္ခဖြစ်ပွားမှု စစ်ဘေးစစ်ဒဏ်ကို ကြံ့ကြံ့ခံရင်း ယခုအချိန်မှာတော့ ယင်းတို့အတွက် အာမခံချက် ကင်းမဲ့ခဲ့တဲ့ ဘဝကနေ ရုန်းထွက်ပြီးမှ လူတန်းစေ့နေနိုင်အောင် ပြန်လည်ထူထောင်လာကြပြီ ဖြစ်ပါတယ်။ သူတို့တစ်တွေ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာများကို နှစ်သိမ့်ကုသပေးဖို့အချိန်လည်း ရောက်ရှိလာပြီ ဖြစ်ပါတယ်။

            ဒါကြောင့် စစ်ဘေးဒဏ်ခံခဲ့ရတဲ့တိုင်းရင်းသားဒေသများမှာ လမ်းပန်း ဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်း၊ ဝန်ထမ်းများ လုံလောက်စွာခန့်ထားပေးခြင်း၊ တန်ဘိုးနည်း အိမ်ရာ ဆောက်လုပ်ပေးခြင်း၊ ယိုယွင်းသွားတဲ့ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ ပြန်လည်ပြုပြင်ပေးခြင်း၊ အသစ်ဆောက်လုပ်ပေးခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လူနေမှုဘဝမြှင့်တင်ပေးခြင်း၊ တစ်ဦး ချင်းဝင်ငွေတိုးလုပ်ငန်းဆောင်ရွက်ပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း စတဲ့ လူမှုရေးပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင်‌့ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်တစ်ဝန်းလုံး အကြား အလပ်မရှိှိ အချိုးညီညီဖွံ့ဖြိုးတိုးတက်ရန် ယခင်က စစ်ဘေးဒဏ်ခံခဲ့ရသော တိုင်းရင်းသားဒေသများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စီမံကိန်း ချမှတ်၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုကို တင်သွင်းအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဆွေးနွေးချက်မရှိသေးပါ။