စီးပွားရေးဖွံ့ဖြိုးမှု စီမံကိန်းများ အကောင်အထည် ဖော်မှုအစီအစဉ် (Development Project Implementation Schedules) နှင့် စီမံကိန်းခန့်မှန်းခြေ စာရင်းများ (Project Estimates) တည်ငြိမ်ရေးအတွက် တာဝန်ယူစစ်ဆေးရသော အဖွဲ့အစည်း၏ စိစစ် ထောက်ခံချက်ဖြင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရယူလိုက်နာဆောင်ရွက်စေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို


လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ နိုင်ငံတော်က ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှု တော်တော်များများ ရရှိခဲ့သလို ရလဒ်ကောင်းများ ဆက်လက်ရရှိရေးကိုလည်း အဖက်ဖက်မှ အားဖြည့်လုပ်ဆောင်လျက်ရှိတာ တွေ့ရှိကြ ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့လည်း အခါအခွင့်သင့်တိုင်း မိမိနိုင်ငံအား ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး၊ လူတိုင်းနိုင်ငံတော်အား ချစ်မြတ်နိုးသော စိတ်ဓာတ်ဖြင့် အတူလက်တွဲ ပူးပေါင်းပါဝင် ကြိုးပမ်းအားထုတ် လုပ်ကိုင်ရေးတို့ကိုလည်း ဖွင့်ဟမိန့်ဆိုခဲ့ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ အစိုးရများအပေါ် နှစ်အဆက်ဆက် တင်ရှိခဲ့တဲ့ ချေးငွေအကူအညီများကို လျှော်ပစ်ခွင့်ရရှိရေး၊ မိမိအစိုးရ သက်တမ်းကာလအတွင်းမှာ နိုင်ငံတော်အစိုးရများ၊ နိုင်ငံတကာအစိုးရများ၊ ကမ္ဘာ့ဘဏ်နဲ့ လက်အောက်ခံ ငွေကြေးအဖွဲ့အစည်းများ၊ အာရှဖွံ့ဖြိုးရေးဘဏ် စသည်တို့မှ အထောက်အပံ့ အကူအညီတွေများရရှိရန်နဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးကို ရည်မျှော်လုပ်ဆောင်လာခဲ့တာတွေလည်း ထူးခြားချက်များအဖြစ် မှတ်တမ်းတင်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဦးစားပေး အကောင်အထည် ဖော် ဆောင်ရွက်ရတဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရည်မှန်းချက်အတိုင်း ထိရောက် အကျိုးရှိပြီးတော့ စာရင်းနည်းလမ်းတကျ ဖြစ်စေရေး၊ လုပ်ဆောင်သွားကြရန် စတဲ့ လမ်းညွှန်မှာကြားချက် များကိုလည်း မှတ်သားခဲ့ကြရပါတယ်။

            ဥက္ကဋ္ဌကြီးခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၄) အပိုဒ် ၁၀၃၊ ပုဒ်မခွဲ(ဂ) နဲ့ (င) တို့အရ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလာတဲ့ ဘဏ္ဍာငွအရအသုံးဆိုင်ရာ ဥပဒေမှာ ပါရှိတဲ့ ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ အခြားအသုံးစရိတ်များနဲ့ စပ်လျဉ်းတဲ့ ကိစ္စများကို ဆွေးနွေးတင်ပြလိုပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများဟာ ငွေလုံးငွေရင်း အသုံးစရိတ် ခေါင်းစဉ်အောက်မှာ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လုပ်ကိုင်မည့် အမျိုးသားစီမံကိန်း နောက်ဆက်တွဲ ၂(က) အောက်မှာ ဘဏ္ဍာနှစ်အောက်မှာပါရှိတဲ့ စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်ရန်ပုံငွေများကို မူလခန့်မှန်းခြေစာရင်း (BE) အဖြစ်လည်းကောင်း၊ ထပ်မံလိုအပ်ရန်ပုံငွေများကို နောက်ထပ် သို့မဟုတ် (ဖြည့်စွက်) လိုအပ်ရန်ပုံငွေ ခန့်မှန်းခြေစာရင်း (RE) အဖြစ်လည်းကောင်း တင်ပြတောင်းခံမှုများအပေါ် ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်မှာ ဖွဲ့စည်းထားကြတဲ့ ရေးရာကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များက ကနဦးစိစစ်မှုများ ပြုလုပ်ကြရပါတယ်။ ဒီနောက် ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီများမှ ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်အကြံပြု တင်ပြဆွေးနွေးကြပြီးလျှင် သဘောတူအတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ကြတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ ဝန်ကြီးဌာနများအနေနဲ့ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လုပ်ကိုင်ကြမည့် စီမံကိန်းလုပ်ငန်း များဟာ နှစ်တိုနှစ်ရှည် စီမံကိန်းများအပေါ် မူတည်၍ ဘဏ္ဍာနှစ်အလိုက် စီမံကိန်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ် (Year - Wise Project Implementation Schedules)၊ ဘဏ္ဍာနှစ်အတွင်း စီမံကိန်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ် (Yearly Project Implementation Schedules) နဲ့ ဘဏ္ဍာနှစ်အတွင်း လအလိုက် လျာထားလုပ်ငန်းပမာဏ လိုအပ်ရန်ပုံငွေ ဆောင်ရွက်ဆဲစီမံကိန်းများ (On-going Projects) ဖြစ်ပါက ရန်ပုံငွေ တင်ပြတောင်းခံတဲ့ နှစ်မတိုင်မီ ကုန်လွန်ပြီး ဘဏ္ဍာနှစ်ကုန်အထိ စီမံကိန်းလုပ်ငန်း ခေါင်းစဉ်အလိုက် ပြီးစီးမှုရာခိုင်နှုန်းများနဲ့ စီမံကိန်းလုပ်ငန်းတစ်ခုလုံး ပြီးစီးမှုရာခိုင်နှုန်း (Weighted Progress Percentage) စသည်တို့ကို ဖော်ပြလျက် တောင်းခံကြရပါတယ်။ ၎င်းအပြင် အဆိုပါ တောင်းခံချက်များကို အားဖြည့်အထောက်အကူ ပြုစေဖို့အတွက် လူ၊ လုပ်အား၊ ပစ္စည်း၊ စက်၊ ယာဉ်ယန္တရားများ အသုံးပြုခြင်းဆိုင်ရာ ပါဝင်တဲ့ လုပ်ငန်းအခြေခံစံနှုန်းများ (Analyses of Rates)၊ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်မှ လုပ်အား၊ ပစ္စည်း၊ သယ်ယူပို့ဆောင်စရိတ်၊ ငှားရမ်းခများ စသည်တို့အတွက် သတ်မှတ် ဒေသပေါက်စျေးနှုန်းများ (Local Prevailing Rates)၊ ဝန်ကြီးဌာနမှ ပြုစုအတည် ပြုထားတဲ့လုပ်ငန်း အမျိုးအစား၊ ပစ္စည်းအမျိုးအစားအလိုက် လုပ်ငန်းခွင်အရောက် ထုတ်ပေး တစ်ယူနစ် ကုန်ကျစျေးနှုန်း များ (Unit Issue Rates) စသည် တို့ကို ပြည့်စုံစွာ ပူးတွဲတင်ပြရန် လိုအပ်ပါတယ်။ Issue Rates များဟာ အများအားဖြင့်၊ မြန်မာကျပ်ငွေဖြင့် ပြုစုရသော်လည်းပဲ ပြည်ပမှ ဝယ်ယူပစ္စည်း၊ လုပ်အားခများ အကျုံးဝင် လာလျှင် နိုင်ငံခြားသုံးငွေ (FE) သို့မဟုတ် ညီမျှကျပ် (Kyat Equivalent) ဖြင့် ဖော်ပြရန် လိုအပ်ပါတယ်။ နိုင်ငံခြားအတိုင်ပင်ခံအဖွဲ့ရဲ့ ထောက်ခံသတ်မှတ်စျေးနှုန်း၊ ကမ္ဘာ့ဘဏ် သို့မဟုတ် အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ထောက်ခံသတ်မှတ်စျေးနှုန်း၊ နိုင်ငံခြားကုမ္ပဏီများ (Foreign Developers) မှ သတ်မှတ်ထောက်ခံ စျေးနှုန်းများ စသည်ဖြင့် ဖော်ပြရန် လိုအပ်ပါတယ်။ အဲဒီက သတ်မှတ်တဲ့ စျေးနှုန်းများအပေါ်မှာ မျှတခြေ ရှိမှု (Justification) အတွက် စိစစ်ဖော်ပြရန်လည်း လိုအပ်ပါတယ်။ သို့မှသာလျှင် လွှတ်တော်ရေးရာ ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆက်စပ်ညှိနှိုင်းစိစစ်ရာမှာ လွယ်ကူအဆင်ပြေ ချောမွေ့မည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြလိုပါတယ်။

            လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ဆွေးနွေးတင်ပြပါ အချက်အလက်များကို စုစည်းပါက စီမံကိန်းလုပ်ငန်း တစ်ခုလုံးရဲ့တန်ဖိုးကို သိရှိနိုင်တဲ့ စီမံကိန်းခန့်မှန်းခြေစာရင်း (Project Cost Estimates) အဖြစ် ထွက်ပေါ်လာမည်ဖြစ်ပါတယ်။ ဖော်ပြပါ စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ကဏ္ဍအလိုက် လုပ်ငန်းအတိုင်းအတာအပေါ် အခြေခံတဲ့လုပ်ငန်း ထုထည်ပမာဏ၊ ခန့်မှန်းကုန်ကျငွေ၊ အကောင်အထည်ဖော်မယ့် ကာလအပိုင်းအခြား (Project Duration)၊ အကျိုးအမြတ်နဲ့ ကုန်ကျစရိတ်အချိုး (Benefit Cost Ratio)၊ အရင်းကြေမည့်ကာလ(နှစ်) (Recoverity Period) စသည့် ပြည့်စုံစွာ စာရင်းပြုစုပြီးတော့ သက်ဆိုင်ရာဦးစီးဌာန၊ လုပ်ငန်းဌာန တာဝန်ခံ (Head of Department) မှာ စက်မှုဆိုင်ရာ စံချိန်စံညွှန်း ထောက်ခံအတည်ပြုချက် (Technical Session) ချမှတ် လျက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန အောက်မှာရှိတဲ့ စီမံကိန်းစိစစ်ရေးနဲ့ တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန၊ အတိုကောက်တော့ (စိစစ်တိုး)လို့ သိရပါတယ်။ စိစစ်တိုးသို့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ပေးပို့တင်ပြသွားရမှာ ဖြစ်တယ်လို့ နားလည်ထား ပါတယ်။ကျွန်တော်တို့လည်း ကျင့်သုံးခဲ့ကြပါတယ်။ ဝန်ကြီးဌာနများအောက်ရှိ လုပ်ငန်းဌာနများမှ စီမံကိန်း လုပ်ငန်းခန့်မှန်းခြေစာရင်းများ ပြုစုခြင်းနဲ့ ဆက်စပ်ပါရှိရမယ့် အစီရင်ခံစာ၊ ဒီဇိုင်းပုံစံတွက်ချက်မှု စာရင်း ဇယားများ အသေးစိတ်ကိုတော့ ကျွန်တော် ဖော်ပြခြင်းမပြုတော့ပါဘူး။ ဒီနောက် စိစစ်တိုးမှ အဆိုပါ ခန့်မှန်းခြေစာရင်းများကို စိစစ်ပြီးတဲ့နောက် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက် ယင်း ဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တစ်ဖန် ဆက်လက်တင်ပြ အတည်ပြုချက် ရယူပြီးမှသာလျှင် ဘောင်ဝင်၍ ဘဏ္ဍာနှစ်အလိုက် ဖော်ပြကိန်းဂဏန်းများ၊ တောင်းခံရန်ပုံငွေများဟာလည်း ဘဏ္ဍာရေး စည်းမျဉ်း၊ ငွေစာရင်းနည်းလမ်း ကျနမယ်လို့ သုံးသပ်ယူဆပါတယ်။ လုပ်ဆောင်မှု အမြင့်ဆုံးအဖြစ် ဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် စိစစ်တိုးမှ စစ်ဆေးပြီးသည့်အဆင့်အထိ ဆောင်ရွက်ပြီးစီး ထားနိုင်ပါက နှစ်စဉ်ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ တင်ပြမှုနှင့်စပ်လျဉ်း၍ မျှတမှုရှိမည့် လက်ခံနိုင်ဖွယ်ရာ အခြေအနေ များ ဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆရမှာဖြစ်ပါတယ်။

            ဥက္ကဋ္ဌကြီးခင်ဗျား။ ရှေ့ပိုင်း ဆွေးနွေးတင်ပြခဲ့တဲ့ ဘဏ္ဍာငွေအရအသုံး တင်ပြတောင်းခံမှုများနဲ့ ဆက်စပ်လျက် အချို့ဝန်ကြီးဌာနများရဲ့ တင်ပြချက်များဟာ ပြည့်စုံကြပြီးတော့ လက်ခံနိုင်ဖွယ်ရာ တွေ့ရှိခဲ့ ကြရသော်လည်းပဲ ပြည့်စုံမှုမရှိသော ဝန်ကြီးဌာနအချို့လည်းရှိနေတယ်လို့ သုံးသပ်လိုပါတယ်။ ကျွန်တော့် အနေနဲ့ ယခင်က ဝန်ကြီးဌာနများမှာ တာဝန်ထမ်းဆောင်လာခဲ့ပြီးတဲ့နောက် ယခုအခါမှာ လက်ရှိ ဝန်ကြီးဌာနများအောက်ရှိ လုပ်ငန်းဌာနများရဲ့ အားနည်းချက်များအဖြစ် ယူဆထောက်ပြ ဆွေးနွေးခြင်းမျိုး မဟုတ်ဘဲ လုပ်ငန်းဌာနများမှ ဆောင်ရွက်လုပ်ကိုင်ကြရင်း ရိုးသားစွာဖြင့် လိုအပ်ချက် ဖြစ်ပေါ်လာမှုများ အပေါ် ပိုမိုတိုးတက်ကောင်းမွန်စေလိုသော ဆန္ဒစိတ်ရင်းအမှန်ဖြင့်သာ ဆွေးနွေးတင်ပြခြင်း ဖြစ်ပါတယ်။ လွှတ်တော်အရပ်ရပ် ပေါ်ပေါက်လာပြီး (၃)နှစ်ကျော်ကာလအတွင်း၊ သို့မဟုတ် ပထမအကြိမ် လွှတ်တော် အရပ်ရပ် ဒသမပုံမှန်အစည်းအဝေးအချိန်အထိ နှစ်စဉ်ဘဏ္ဍာငွေ အရအသုံးနှင့်စပ်လျဉ်းတဲ့ ဝန်ကြီးဌာန အချို့ရဲ့ အောက်ရှိ လုပ်ငန်းဌာနများနဲ့ ထိတွေ့ပူးပေါင်း ဆက်ဆံလာခဲ့ရတဲ့ အတွေ့အကြုံများအရ အပြု သဘောဆောင်တဲ့ ဆွေးနွေးတင်ပြခြင်းလည်း ဖြစ်ပါတယ်။

            ပြည်ထောင်စုဝန်ကြီးဌာနများနှင့် လက်အောက် လုပ်ငန်းဌာနများဟာလည်း နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ အောင်မြင်စေရေး အချိန်ပြည့်ကြိုးပမ်းအားထုတ်လုပ်ဆောင် နေကြရလို့ ဘက်ပေါင်းစုံမှ တစ်ပြိုင်တည်း ပြီးပြည့်စုံအောင် ဆောင်ရွက်ရန် အခက်အခဲရှိမယ် ဆိုတာ လည်း နားလည်ထားပါတယ်။ သို့သော်ငြားလည်း ဆောင်ရွက်ချက်များနဲ့ ဆက်နွယ်နေတဲ့ စာရင်းဇယား ပိုင်း စနစ်ကျနမှု ရှိစေဖို့ကိုတော့ တစ်ပါတည်း ထပ်ခြပ်မကွာ လိုက်ပါနိုင်အောင် လုပ်ဆောင်ကြဖို့ လိုတယ် လို့ အကြံပြုလိုပါတယ်။ အချို့လုပ်ငန်းဌာနများမှ တာဝန်ယူ အကောင်အထည်ဖော်လျက်ရှိကြတဲ့ နှစ်တို နှစ်ရှည် စီမံကိန်းများရဲ့ စီမံကိန်းတန်ဖိုးများ (Project Costs) သို့မဟုတ် စီမံကိန်း ခန့်မှန်းကုန်ကျ စရိတ်များ (Project Cost Estimates) ဟာ (က) သက်ဆိုင်ရာ ဝန်ကြီးဌာနအဆင့်သို့ပင် တင်ပြ ပြန်လည်ပြုပြင် လုပ်ဆောင်မှုမရှိ ဟု ယူဆခြင်း၊ (ခ) စိစစ်တိုး သို့ တစ်စုံတစ်ရာတင်ပြ စိစစ်စေမှု မရှိခြင်း၊ (ဂ) အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူမှု မရှိခြင်း စသည်တို့ကို လေ့လာတွေ့ရှိရပါတယ်။ ဘဏ္ဍာနှစ် တိုင်းတွင်ပင် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှုအစီအစဉ်နဲ့ ယင်းအစီအစဉ်မှာ မူလနှင့် လျာထားလုပ်ငန်း ထုထည်ပမာဏများ ပြောင်းလဲမှုများ ရှိနေခြင်း၊ စီမံကိန်းတန်ဖိုးများ မိမိဦးစီးဌာန၊ လုပ်ငန်းဌာန အစီအမံများဖြင့် ပြောင်းလဲတိုးမြှင့်ကြခြင်း၊ အချို့ စီမံကိန်းလုပ်ငန်းများကို ဘဏ္ဍာနှစ် တစ်ခုတည်းတွင်ပင် ယင်းဘဏ္ဍာနှစ်မတိုင်မီ ရှေ့ပိုင်းဘဏ္ဍာနှစ်တွင် ဖော်ပြကိန်းဂဏန်းများ ကွဲလွဲမှု၊ တောင်းခံဘဏ္ဍာနှစ်၊ မူလခန့်မှန်းခြေစာရင်း(BE)တွင် ထပ်မံပြုပြင်ပြီး စီမံကိန်း ခန့်မှန်းတန်ဖိုး (Revised Project Costs) ကိန်းဂဏန်းများ ကွဲလွဲမှုနှင့် ယင်းဘဏ္ဍာနှစ်၏ နောက်ထပ် လိုအပ်ရန်ပုံငွေ အသုံးစရိတ် ဖြည့်စွက် (RE) တွင် ဒုတိယအကြိမ် ပြုပြင်စီမံကိန်းတန်ဖိုး (Second Revised Project Costs) ထပ်မံ ကွဲလွဲမှုတို့ကို လေ့လာတွေ့ရှိနေရပါတယ်။ ၎င်းကိန်းဂဏန်းများကို ကနဦးကတည်းက ထိုကဲ့သို့ တတိယ အဖွဲ့အစည်းသို့ စိစစ်နိုင်ရန်ပို့ထားပါက လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်၍ မိမိလုပ်ငန်းဌာန အစီအမံဖြင့် လွယ်ကူစွာ ပြင်ဆင်ဆောင်ရွက်နိုင်ကြမယ် မဟုတ်လို့ ယူဆပါတယ်။

            လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ မူလတင်ပြထားခဲ့သော စီမံကိန်းခန့်မှန်းခြေစာရင်း များဟာ စီမံကိန်းစတင်သည်မှ ပြီးဆုံးချိန်အထိ တည်ငြိမ်တည်မြဲနေရမည် ဟု မဆိုလိုပါ။ နှစ်အလိုက် ငွေကြေးတန်ဖိုးများ ဖောင်းပွမှု (Price Escalation)၊ လုပ်အားနှင့် ပစ္စည်းစရိတ်များ ကြီးမြင့်ပြောင်းလဲ လာမှု၊ လက်တွေ့ဆောင်ရွက်ချိန်တွင် မျှော်မှန်းထားသည့်အတိုင်း ဖြစ်ပေါ်လာခြင်းမရှိမှု၊ ဒီဇိုင်း၊ နည်းစနစ်၊ လုပ်ငန်းသဘာဝ၊ အခြေအနေပြောင်းလဲလာမှု၊ သဘာဝဘေးအန္တရာယ် သို့မဟုတ် မလွဲမရှောင်သာသော အကြောင်းတစ်ရပ်ရပ် စသည်ဖြစ်စဥ်များကြောင့် စီမံကိန်းတန်ဖိုး ပြောင်းလဲလာခြင်းတို့ကို  မလွဲမရှောင် သာ ကြုံတွေ့ကြရမယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ဆိုလိုတာကတော့ မူလပြုစုပြင်ဆင် ထားတဲ့ သတ်မှတ်စီမံကိန်း ခန့်မှန်းခြေတန်ဖိုးဟာ ဆောင်ရွက်ဆဲကာလတစ်ခုအတွင်း ကျော်လွန်ခြင်း (Cost Over-run) ရှိနိုင်မည် ဟု ယူဆချိန်မှာ ခန့်မှန်းခြေစာရင်းကို အကျိုးအကြောင်း ဖော်ပြပြုပြင် ပေးရမည်သာ ဖြစ်ပါတယ်။ မူလလုပ်ငန်းဌာနများက မိမိတို့လက်ဝယ်တွင် ထားရှိပြီးတော့ စစ်ဆေးစိစစ်မှု တာဝန်ယူရသည့် အဖွဲ့အစည်းသို့ တစ်နှစ်ကြာလည်း မတင်ပြ၊ နှစ်နှစ်ကြာလည်း မတင်ပြ၊ သုံးနှစ်ကြာ လည်း မတင်ပြနဲ့ ထားရှိခဲ့ကြတဲ့အတွက် စျေးနှုန်းပြောင်းလဲမှုများ၊ ဆောင်ရွက်ပြီးစီးထားမှုများ၊ ပျက်စီးခြင်း ကြောင့် ထပ်မံပြင်ဆင် ဆောင်ရွက်ရမှုများ စသည် စသည်တို့ ကွင်းဆက်ဖြစ်ပေါ်လာရခြင်း ဟု သုံးသပ်လို ပါတယ်။

            ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုဆွေးနွေးချက်များနဲ့ ဆက်စပ်လျက်ရှိတဲ့ ငွေလုံးငွေရင်း သာမန်အသုံး စရိတ်ဆိုင်ရာများကိုလည်း ဆက်လက်တင်ပြလိုပါတယ်။ အချိန်ကာလတစ်ခု ကြာခဲ့သည့်နောက် ပြီးစီး ထားတဲ့ စီမံကိန်းလုပ်ငန်းများ၊ ဥပမာ - ပြီးစီးထားသည်မှာ (၅)နှစ်ရှိပြီ၊ (၁၀)နှစ်ရှိပြီ စသည်ဖြင့်ပေါ့ ဆက်လက်ရှင်သန်စေရေးအတွက် ပြီးစီးခဲ့တဲ့ နောက်ပိုင်း နှစ်အဆက်ဆက်မှစပြီး ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေ (Current Budget) ခေါင်းစဥ်အောက်မှာ ဆောင်ရွက်ရတဲ့ လုပ်ငန်းသဘာဝ ဖြစ်ပါတယ်။ လက်ရှိအချိန်များမှာ အဆိုပါ ပြီးစီးထားတဲ့ ထိန်းသိမ်းရေးလုပ်ငန်းအောက်တွင်ရှိ လုပ်ငန်းများကို ဝန်ကြီး ဌာန သို့မဟုတ် လုပ်ငန်းဌာန၏ အစီအမံဖြင့် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေ (Capital  Budget) ခေါင်းစဉ်အောက်မှ တင်ပြတောင်းခံ သုံးစွဲခြင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ ငွေစာရင်း နည်းလမ်းကျနခြင်းမရှိ ဟု ယူဆပါတယ်။ ပြုပြင်ထိန်းသိမ်း လုပ်ဆောင်ရမယ့် အတိုင်းအတာ ပမာဏ ကြီးမား၍လည်းကောင်း၊ အချိန်ကာလ ကြာညောင်းလာခဲ့တဲ့အ‌လျာက် ပျက်စီးယိုယွင်းမှု များပြား၍ လည်းကောင်း၊ သာမန်အသုံးစရိတ် ရန်ပုံငွေဖြင့် မည်သို့မျှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် လုပ်ဆောင်ရမည်ဆိုပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ ငွေလုံးငွေရင်းမှ ဆောင်ရွက်နိုင်မည့် စီမံကိန်းပုံစံ သွတ်သွင်းလျက် လိုအပ်ချက်ပြည့်စုံသော အမှုတွဲဖြင့် တင်ပြခွင့်ပြုချက် တောင်းခံရမည်သာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဆောင်ရွက်ဆဲ စီမံကိန်းလုပ်ငန်းများအတွက် ငွေလုံးငွေရင်း အသုံးစရိတ်ခေါင်းစဉ်အောက်မှ ကျခံသုံးစွဲတဲ့အပြင် ခွင့်ပြုမည့် သာမန်အသုံးစရိတ် ခေါင်းစဉ် (Current Budget) အောက်မှပါ အချို့အဝက် ခွဲဝေမျှတ နှစ်ဖက်သုံးစွဲနေခြင်းများကိုလည်း ရှောင်ရှားသင့်ပါတယ်။ လွှတ်တော်ရေးရာကော်မတီများက ဘဏ္ဍာနှစ်တွင် တောင်းခံရန်ပုံငွေများကို စိစစ်ချိန်မှာ အချို့လုပ်ငန်း ဌာနများအနေနဲ့ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်၊ ခွင့်ပြုချက် အထောက်အထားများကို ကော်မတီများအနေနဲ့ တောင်းခံတဲ့အခါမှာ တင်ပြနိုင်ခြင်း မရှိသည်ကို တွေ့ရ၍ ယင်းကိစ္စအပေါ်လည်း အပြုသဘောဖြင့် ဆွေးနွေးတင်ပြခြင်း ဖြစ်ပါတယ်။

            နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်ရဲ့ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၊ လုပ်ငန်းများ ကို နိုင်ငံတော်မှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းပြည်ပကုမ္ပဏီများမှ ပါဝင်ရင်းနှီးမြှုပ်နှံမှု အစီအစဥ် များအရ နှစ်တိုနှစ်ရှည် စီမံချက်များချမှတ် လုပ်ဆောင်ရာမှာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းလုပ်ငန်းများနဲ့ အဖက်ဖက်တွင် ဆက်စပ်လျက်ရှိတဲ့ လုပ်ငန်းပိုင်း၊ ငွေကြေး၊ ကြာမြင့်မည့်အချိန်ကာလ၊ ထွက်ပေါ်လာမည့် အကျိုးရလဒ် စသည်တို့ ပြည့်စုံစွာ ပါဝင်တဲ့ အထောက်အထားများနဲ့ နည်းလမ်းတကျ ဆောင်ရွက်ရန် သတ်မှတ်ထားသော လမ်းကြောင်းများကို ဖြတ်သန်းလျက် ပွင့်လင်းမြင်သာမှုရှိစေရေး စစ်ဆေးစိစစ်ခံ ကြရန် လိုအပ်တယ်လို့ သုံးသပ်လိုပါတယ်။

            သို့မှသာလျှင် နှစ်စဉ်ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကိစ္စရပ်များနဲ့ ပါဝင်ပတ်သက်ကြတဲ့ အဖွဲ့အစည်း အားလုံးအတွက် အခက်အခဲများကို ကျော်လွှားပြီး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် နိုင်ကြမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော့်အနေနဲ့ စီးပွားရေးဖွံ့ဖြိုးမှု စီမံကိန်းများ အကောင်အထည် ဖော် ဆောင်ရွက်မည့် အစီအစဉ် (Development Project Implementation Schedules) နှင့် စီမံကိန်းခန့်မှန်းခြေစာရင်းများ (Project Estimates) တည်ငြိမ်ရေးအတွက် တာဝန်ယူစစ်ဆေးရသော အဖွဲ့အစည်း၏ စိစစ်ထောက်ခံချက်ဖြင့် အစိုးရ၏ ခွင့်ပြုချက် ရယူလိုက်နာ ဆောင်ရွက်စေရန်  အဆိုကို လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။