ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ပေါက်နက်ရေလှောင်တမံစီမံကိန်း ကို ယခုအစိုးရလက်ထက်တွင် အပြီးသတ်တည်ဆောက်ပေးရေးနှင့် ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးရေရရှိရေးအတွက် ဆည်ရေပေးရေမြောင်းများကို စက်ယန္တရားများဖြင်‌့ တူးဖော်တည်ဆောက်ပေးရေး နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်းအဆို


ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ပေါက်နက်ရေလှောင်တမံစီမံကိန်းကို ယခုအစိုးရ လက်ထက်တွင် အပြီးသတ်တည်ဆောက်ပေးရေးနှင့် ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးရေရရှိရေး အတွက် ဆည်ရေပေးမြောင်းများကို စက်ယန္တရားဖြင့် တူးဖော်တည်ဆောက်ပေးရေး နိုင်ငံတော် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းသွားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ပေါက်နက်ချောင်းရေလှောင်တမံကို ၁၉၆၇-၁၉၆၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှစပြီး လုပ်ငန်းရပ်ဆိုင်းခဲ့ပါတယ်။ တပ်မတော်အစိုးရလက်ထက် ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်မှစ၍ ဆည်မြောင်းဦးစီးဌာနမှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၀၉-၂၀၁၀ ခုနှစ်အထိ ဆောင်ရွက်ခဲ့သော်လည်း လုပ်ငန်းပြီးစီးမှုမှာ ၂၅.၁၂ ရာခိုင်နှုန်းသာ ပြီးစီးခဲ့သည်ဟု သိရှိရပါတယ်။ ၂၀၁၃-၂၀၁၄ ခုနှစ် ယခုအချိန်ထိ ငွေကျပ် ၁၅၇၆.၉၅၃ သန်းကုန်ကျခဲ့ပြီး လုပ်ငန်းမှာ ၂၇.၂၃ ရာခိုင်နှုန်းသာပြီးစီးသဖြင့် ၂၀၁၅ ခုနှစ်တွင် အပြီးသတ်ရန် လျာထားသော်လည်း ယခုပုံစံနှုန်းထား အတိုင်းသာ ဆောင်ရွက်နေမည်ဆိုလျှင် ပြီးပြတ်မည်မဟုတ်ပါ။ ပေါင်းနက်ချောင်းရိုးတစ်လျှောက် တိမ်ကောပြီး သဲနုန်းများဖုံးအုပ်လာခြင်းကြောင့် စိုက်ပျိုးရေများ ရရှိရေးပိုမိုခက်ခဲလာခြင်းဖြစ်ပါတယ်။ ပေါင်းနက်ချောင်းရေဖြင့် စိုက်ပျိုးနေသော ကျေးရွာခြောက်အုပ်စု၊ ကျေးရွာပေါင်း ၁၀ ရွာမှ စပါး စိုက်ဧက ၄၄၀၆ ဧက သောက်သုံးလျက်ရှိပါတယ်။ ပေါက်နက် ချောင်း(ရေပေးချောင်း)အရှည်မှာ       ၇ မိုင်ခန့်ရှိပြီး ချောင်းဖျားတွင် အကျယ်ပေ ၃၀၀၊ ချောင်းအလယ်ပိုင်း စီမော်၊ စီမူလေး၊ နန့်လန်ရွာ များတွင် ချောင်းအကျယ် ၅ ပေ၊ ၆ ပေခန့်သာရှိပါတယ်။ ချောင်းရိုးအောက်ဘက်ပိုင်းဖြစ်သော ဝင်ဝရွာ၊ နောက်လက်ကြီးရွာတို့တွင် ချောင်းအကျယ် ၂ ပေ၊ ၃ ပေသာရှိသဖြင့် တောင်ကျ ရေကျ လာချိန်တွင် လယ်များကန်သင်းကျိုးပြီး သဲနုန်းများဖုံးလွှမ်းပျက်စီးလေ့ရှိပါတယ်။ ချောင်းအနက်မှာ အချို့နေရာများတွင် ၅ ပေ၊ ၆ ပေခန့်အနက်ရှိပြီး အချို့နေရာများ၌ ၁ ပေ၊ ၂ ပေခန့်သာ အနက်ရှိပါ တယ်။ စက်ယန္တရားများဖြင့် ချောင်းရိုးတစ်လျှောက်၊ ရေစီးလာမှုမြောင်းရိုး တစ်လျှောက်တူးဖော်ပေး မှသာလျှင် လယ်ယာစိုက်ပျိုးရေများ အောင်မြင်စွာရရှိလာမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ မေလ ၁၂ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် စီသာတိုက်နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ၊ တောင်သူများနှင့်တွေ့ဆုံ ပွဲပြုလုပ်ခဲ့ကြရာ ပေါက်နက်ချောင်း မြောင်းတူးဖော်ပေးရေးလုပ်ငန်းကိုသာ တစိုက်မတ်မတ် တင်ပြ တောင်းဆိုလာကြပါတယ်။ သို့ပါ၍ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ပေါက်နက် ရေလှောင်တမံစီမံကိန်း ကို ယခုအစိုးရလက်ထက်တွင် အပြီးသတ်တည်ဆောက်ပေးရေးနှင့် ပထမဦးစားပေးအနေဖြင့် စိုက်ပျိုး ရေရရှိရေးအတွက် ဆည်ရေပေးမြောင်းများကို စက်ယန္တရားဖြင့် တူးဖော်တည်ဆောက်ပေးရေး နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းအပ်ပါတယ်ခင်ဗျား။

ဆွေးနွေးချက်မရှိသေးပါ။