တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စားကျက်‌မြေများကို ဌာနဆိုင်ရာအမည်ဖောက်၍လည်းကောင်း၊ ကုမ္ပဏီအမည်ဖောက်၍လည်းကောင်း ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများကုမ္ပဏီများမှ သီးစားခရယူနေခြင်းများရှိနေပါသဖြင့် လယ်ယာမြေကို အမှန်တကယ် လုပ်ကိုင်နေသူများ လယ်သမားများကိုသာ ဦးပိုင်အမည်ပေါက်သတ်မှတ်၍ လုပ်ကိုင်ခွင့်ချထားပေးသင့်ကြောင်းအဆို


          တိုင်းနှင့်ပြည်နယ်အသီးသီးမှာ စားကျက်မြေတွေကို ဌာနဆိုင်ရာအမည်ဖောက်ပြီးတော့ ဒါမှမဟုတ် ကုမ္ပဏီမြေအမည်ဖောက်ပြီးတော့မှ ခွဲဝေချထားပြီး တောင်သူလယ်သမားတွေက အဲဒီလယ်မြေတွေမှာ သွင်းအားစုတွေ ကိုယ်တိုင်ထည့် စိုက်ပျိုးလုပ်ကိုင် ပြီးတော့မှ ထွက်ရှိလာတဲ့ အကျိုးအမြတ်တွေကနေ သီးစားခ ပေးနေရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှ တကယ် လုပ်တဲ့တောင်သူလယ်သမားတွေကိုပဲ ဦးပိုင်အမည်ပေါက် ချထားပေးဖို့အတွက် ကျွန်တော်အဆိုတင်သွင်းသွားမှာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အဆိုမှာ ကိန်းဂဏန်းတွေနဲ့ ဥပဒေစာသား တွေပါတဲ့အတွက် ဖတ်ကြားတင်သွင်းခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး ရေးကို အစဉ်အလာအားဖြင့် အခြေခံထားတဲ့နိုင်ငံဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ လယ်ယာမြေတွေပေါ်မှာပဲ အမီှပြုပြီးတော့မှ အသက်မွေးဝမ်းကျောင်းပြုနေကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ အဆိုပါ လယ်မြေများမှာ အဓိကအမှီသဟဲပြုနေရလို့ မြေယာပေါ်မှာ ကျင့်သုံးတဲ့စနစ်တွေ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှသာ တောင်သူလယ်သမားတွေရဲ့ဘဝ ဖူလုံ ချောင်လည်လာမှာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ခေတ်အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ တောင်သူ လယ်သမားတွေကို အခွင့်အရေးအမျိုးမျိုး သတ်မှတ်ပေးခဲ့ကြတာ တွေ့ရပါတယ်။ မြန်မာဘုရင်များ လက်ထက်မှာ လယ်မြေနဲ့ပတ်သက်ပြီးတော့မှ ဘုရင်ပိုင်မြေ၊ အမှုထမ်း‌မြေ၊ အများပြည်သူပိုင်‌မြေ၊ ဝတ္တကမြေဆိုပြီးတော့မှ ၄ မျိုးခွဲခြားသတ်မှတ်ပြီးတော့မှ အများပြည်သူမြေကိုလည်း ဓားမဦးချမြေ၊ ဘိုးဘွားပိုင်မြေ၊ ဘုံမြေလို့သတ်မှတ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ ၁၈၇၆ ခုနှစ် မြေနှင့်အခွန်တော် အက်ဥပဒေအရ တောင်သူလယ်သမားများတစ်ဦးအနေနဲ့ လယ်မြေတစ်ကွက်ကို ကိုယ်တိုင် အဆက် မပြတ် ၁၂ နှစ်ထက်မနည်း လုပ်ကိုင်ပြီး မြေခွန်ကိုလည်း မှန်မှန်ဆောင်ရွက်လို့ရှိရင် ထိုလယ်သမားဟာ မိမိလုပ်ကိုင်နေတဲ့ လယ်မြေကို လက်ဝယ်ထားရှိလုပ်စားပိုင်ခွင့်ရှိတယ်လို့လည်း ရှေးအစဉ်အဆက် ပြဋ္ဌာန်းခဲ့တာကိုတွေ့ရှိရပါတယ်။ နယ်ချဲ့အစိုးရလက်ထက်မှာ၊ ၁၉၈၉ ခုနှစ် နောက်ပိုင်းမှာ လယ်မြေ သတ်မှတ်ချက် အခေါ်အဝေါ်မတူပေမယ်‌့ ရပိုင်ခွင့်တူညီစွာပြဋ္ဌာန်းထားတာကိုလည်း တွေ့ရှိရပါတယ်။ အထက်မြန်မာနိုင်ငံမှာတော့ လက်ဝယ်ထားရှိလုပ်ပိုင်ခွင်‌့မြေနှင့် အစိုးရမြေလို့ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် နယ်ချဲ့လက်ထက်မှာ (၁) ဂရန်ကြီးမြေ (သို့မဟုတ်) အပိုင်စာချုပ်မြေ၊ (၂) အငှားစာချုပ်မြေ (နှစ်ရှည် ၉၀ နှစ်)၊ (၃) ယာယီလုပ်ပိုင်ခွင့်မြေ (နှစ်တို ၂၅ နှစ်)၊ (၄) နယ်သစ်ဖွင့်မြေ၊ (၅) ကျွန်း‌မြေနု အစရှိတဲ့ သတ်မှတ်ချက်များနဲ့ လုပ်ပိုင်ခွင့်ပေးခဲ့ရုံမက အချို့လယ်မြေများနှင့် ပိုင်ခွင့်၊ ပေါင်နှံခွင့်နှင့် ရောင်းချပိုင်ခွင့်တွေ ပေးလိုက်သဖြင့် မြေခစား မြေရှင်စနစ်ကို အုတ်မြစ်ချပေးခဲ့တဲ့အတွက် ထိုအချိန် ကစပြီး တောင်သူလယ်သမားတွေအတွက် မြေရှင်တွေရဲ့ ချယ်လှယ်မှုကို ခံခဲ့ကြရတာပဲဖြစ်ပါတယ်။ မြေရှင်ကြီးစနစ်ကို တော်လှန်ရေးကောင်စီလက်ထက်မှာ နည်းဥပဒေတွေ၊ ဥပဒေတွေထုတ်ပြန်ပြီး မြေရှင်စနစ်ကို အမြစ်မှစပြီး တွန်းလှန်နိုင်အောင် လမ်းခင်းဆောင်ရွက်ပေးခဲ့တာကို တွေ့ရပါတယ်။ အဲဒီဥပဒေတွေကတော့ ၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ၊ ၁၉၆၃ ခုနှစ် သီးစားချထားရေး နည်းဥပဒေ၊ ၁၉၆၃ ခုနှစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေ၊ ၁၉၆၅ ခုနှစ် သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ အစရှိသည်တို့ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ၊ နည်းဥပဒေများဟာ ၁၉၅၃ ခုနှစ် သီးစားချထားရေးဥပဒေကို အစားထိုး လိုက်တဲ့အတွက် လယ်ယာမြေပိုင်ဆိုင်ခွင့်နှင့်ပတ်သက်ပြီး ပိုပြီးတိကျပြတ်သားစွာနဲ့ မြေရှင်ကိုချုပ်ကိုင် ထားသလို လက်ငုတ်တောင်သူလယ်သမားတွေရဲ့အကျိုးကိုလည်း ကာကွယ်ပေးခဲ့တာကို တွေ့ရပါ တယ်။ ၁၉၆၃ ခုနှစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေဟာလည်း ငွေရှင်၊ ကြေးရှင်နှင့် မြေရှင်တွေရဲ့ မတရားဖိနှိပ်ချုပ်ချယ်မှုအန္တရာယ်ကနေပြီးတော့ တောင်သူလယ်သမား တွေကို ထိရောက်စွာအကာအကွယ်ပေးခဲ့ပါတယ်။ ၁၉၆၅ ခုနှစ် သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေဟာ သီးစားခဖျက်သိမ်းပေးလိုက်ခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မြေရှင် စနစ်ကို ဖျက်သိမ်းရာမှာ အပြင်းထန်ဆုံးနှင့် အထိရောက်ဆုံး လက်နက်ကဲ့သို့ အသုံးဝင်တဲ့ပြဋ္ဌာန်းချက် တစ်ရပ်လည်းြဖစ်ပါတယ်။ အဲဒီဥပဒေမှာ လယ်ယာမြေများပေါ်တွင် အစိုးရကချထားသော သီးစားများ သည် သို့မဟုတ် မြေရှင်ကချပေးထားသော သီးစားများ ကျန်ရှိနေသေးလျှင် ထိုသီးစားများသည် မြေရှင်အား သီးစားခပေးရန်မလိုလို့ ၅-၄-၁၉၆၅ ရက်နေ့က ပြဋ္ဌာန်းတာကို တွေ့ရှိရပါတယ်။

        လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အသစ်ထုတ်ပြန်ခဲ့တဲ့ လယ်ယာမြေ ဥပဒေမှာလည်း ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ၊ ၁၉၆၃ ခုနှစ် သီးစား ချထားရေးဥပဒေ၊ ၁၉၆၃ ခုနှစ် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်သည့်ဥပဒေတို့ကို ရုပ်သိမ်းလိုက်ပေမယ့် ၁၉၆၅ ခုနှစ် သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကတော့ ရုပ်သိမ်း တဲ့အထဲမှာ ပါဝင်ခြင်းမရှိသေးဘဲ အသက်ဝင်လျက်ရှိတာကိုလည်း အခုအခါမှာ အချို့ဒေသတွေမှာ လယ်မြေဦးပိုင်အမည်ပေါက်တာကို အကြောင်းပြုပြီးတော့မှ သွင်းအားစုတွေလည်း ထည့်သွင်းခြင်း မရှိ၊ ကိုယ်တိုင်လည်းဆောင်ရွက်ခြင်းမရှိဘဲ လယ်သမားများကိုသာ သူတို့ရင်းနှီးစိုက်ထုတ်ငွေတွေနဲ့ စိုက်ပျိုးစေပြီး တစ်ဧကကို ၈ တင်းကနေ ၁၀ တင်း၊ ၁၂ တင်း အစရှိသဖြင့် သီးစားချထား ကောက်ခံနေတာကို ကြားသိနေရပါတယ်။ ဥပမာအားဖြင့် ပြောမယ်ဆိုရင် သုံးခွမြို့နယ် သြဘာညွန့် ကျေးရွာအုပ်စုအပိုင် တောင်ကောမြေတွေမှာ ဌာနဆိုင်ရာတွေက လယ်မြေလုပ်၍မရတဲ့မြေဧက    ၂၅၀ ကို ဌာနဆိုင်ရာအမည်ပေါက်ပြီးတော့မှ ငါးကန်တွေတူးပြီး သြဘာညွန့်၊ သမစိတ္တကျေးရွာတွေက လယ်သမား ၅ ဦးကို တစ်လ ၅ သိန်းပေးစေပြီး လုပ်ကိုင်နေတာကို တွေ့ရှိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး၊ သုံးခွ မြို့နယ် ညောင်ပင်ခင်တန်းအုပ်စု၊ ထုံးကြီးကျေးရွာအုပ်စုတို့မှာ စားကျက်မြေဧက ၂၈၀၀ ရှိတဲ့အနက် ဝန်ထမ်းသက်သာအကြောင်းပြချက်နဲ့ အစိုးရဌာန ၅ ခုအနေနဲ့ စုစုပေါင်း ၇၂၁ ဧကကို တစ်ဧကလျှင် စပါး ၁၅ တင်းကနေ ၁၇ တင်းနှုန်းပေးသွင်းစေလျက် သီးစားခတွေရယူနေ တာကို တွေ့ရှိရပါတယ်။ ကျန်ဧက ၂၀၀၀ ခန့်မှာလည်း အလားတူကျေးရွာသားများက သီးစားခများ ပေး၍ စိုက်ပျိုးနေကြရဆဲဖြစ်ပြီး အသေးစိတ်စာရင်းတွေ ကောက်ယူနေဆဲဖြစ်ပါတယ်။ အလားတူပဲ သုံးခွမြို့နယ် ညောင်ပင်ခင်တန်းကျေးရွာအုပ်စုပိုင် စားကျက်မြေဧက ၇၀ မှာလည်း အစိုးရဦးစီးဌာန အမည်ဖောက်ပြီးတော့မှ တစ်ဧက ၁၃ တင်းနှုန်း သီးစားခပေးပြီးတော့မှ စိုက်ပျိုးနေကြရဆဲဖြစ်တယ် ဆိုတာလည်း သိရှိရပါတယ်။ သုံးခွမြို့နယ် မင်းရာအသင်းပိုင် တောင်ကောမြေဧက ၆၅၀ ကိုလည်း ဌာနဆိုင်ရာ ၄ ခု၊ လူမှုရေး အသင်းအဖွဲ့ ၃ ခု၊ ပုဂ္ဂလိက တစ်ဦးတို့က အမည်ပေါက်ရယူပြီး သီးစားခနှုန်းထားအမျိုးမျိုး ပေးသွင်းစေလျက် စိုက်ပျိုးနေကြရဆဲဖြစ်တယ်ဆိုတာကိုလည်း တွေ့ရှိနေရ ပါတယ်။ ဒီလိုဖြစ်တာနဲ့ ပတ်သက်ပြီးတော့မှ ယခင်ကတော့ ဌာနဆိုင်ရာတွေက ဝန်ထမ်းသက်သာ အကြောင်းပြချက်နဲ့ စားကျက်‌ြေမတွေကို ဌာနဆိုင်ရာအမည်ခံပြီးတော့မှ ရန်ပုံငွေရှာခြင်းဖြစ်တယ်လို့ သိထားရပါတယ်။ ဒီနေ့ကာလမှာ နိုင်ငံတော်က ဝန်ထမ်းတွေကိုလည်း လစာတိုးပေးခြင်း၊ ထပ်ဆောင်းငွေတွေကိုလည်း ပံ့ပိုးနေတာဖြစ်တဲ့အတွက် သီးခြားရန်ပုံငွေရှာရန် မလိုတော့ဘူးလို့ ကျွန်တော်တို့အနေနဲ့ ယူဆရပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာဆိုလို့ရှိရင်လည်း ဝန်ထမ်းသက်သာ ဖွင်‌့ထားတဲ့ဆိုင်တွေအားလုံးဟာ ပြီးခဲ့တဲ့တစ်နှစ်လောက်ကစပြီးတော့မှ အကုန်လုံးပိတ်သိမ်းသွားပြီး ဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ အလားတူပါပဲ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာလည်း တောင်သူလယ်သမားတွေအနေနဲ့ သီးစားခပေးပြီး စိုက်ပျိုးနေရဆဲရှိနေတာကိုလည်း တောင်သူ လယ်သမားတွေရဲ့ တင်ပြစာများအရ သိရှိရပါတယ်။ သီးစားခပေးနေရတဲ့မြေတွေနဲ့ ပတ်သက်ပြီး တော့မှ တစ်ချို့ကတော့ လယ်သမားအနေနဲ့ အစဉ်အဆက်လုပ်ကိုင်လာတဲ့ လယ်မြေဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် ဦးပိုင်အမည်အပေါက်ခြင်း၊ ရွာနီးချုပ်စပ်က ‌မြေလွတ်၊ ‌မြေလပ်များကို တောင်သူလယ်သမားများက ခုတ်ထွင်ရှင်းလင်းစိုက်ပျိုးသော်လည်း လယ်သမားအနေနဲ့ ဦးပိုင်အမည် ပေါက်အောင် ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း၊ အကြောင်းကြောင်းကြောင့် ဦးပိုင်အမည်မပေါက်ဘဲ ပလပ်မြေများဖြစ်နေခြင်း၊ ဦးပိုင်မရှိသေးသော စားကျက်‌ြေမများအစရှိတဲ့ ဦးပိုင်အမည်မပေါက်တဲ့ မြေတွေကို ဌာနဆိုင်ရာတွေ၊ ပုဂ္ဂလိကတွေက သက်ဆိုင်ရာဌာနမှာ ဦးပိုင်အမည်ပေါက်အောင်လုပ်ပြီးမှ စာရွက်ပေါ်မှာသိမ်းပိုက်လိုက်ပြီး ၁၉၆၅ ခုနှစ် သီးစားချထားရေးဥပဒေကို မျက်ကွယ်ပြုပြီးတော့မှ သီးစားခရယူနေတာဟာ ဒီလိုလုပ်တဲ့လူတွေဟာ ‌ြေမရှင်စနစ်ကို ပြန်အသက်သွင်းနေသလိုပဲဖြစ်နေ ပါတယ်။ လယ်ယာမြေတွေကို တောင်သူလယ်သမားတွေနဲ့ နိုင်ငံတော်အတွက် တကယ်အကျိုးရှိရှိ မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့အတွက် ‌မြေရှင်စနစ်ကို ပြန်လည်မသွားအောင်လို့ ကျွန်တော်တို့ ဥပဒေနဲ့ တားဆီးကြရမှာဖြစ်ပါတယ်။ လယ်ယာမြေကို အခြေခံပြီးတော့မှ တစ်ဦးတစ်ယောက်ဟာ အခြားတစ်ဦး တစ်ယောက်လုပ်အားခကနေပြီးတော့ ပေါ်ထွက်လာတဲ့ အကျိုးအမြတ်ကို ခေါင်းပုံဖြတ်ခြင်းမရှိဖို့ အတွက်အရေးကြီးပါတယ်။ ဒါကြောင့် လယ်ယာမြေပိုင်ဆိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ကိုသာ အဓိက ဖြစ်အောင်လုပ်ပေးရမှာဖြစ်တဲ့အတွက် လက်ရှိအသစ်ထုတ်ပြန်လိုက်တဲ့ လယ်ယာမြေဥပဒေမှာ လယ်လုပ်သူသာ လယ်လုပ်ပိုင်ခွင့် ရှိအောင်ပြဋ္ဌာန်းထားတာကို တွေ့ရှိရပါတယ်။ ထိုလယ်လုပ်ခွင့်အရ အခွင့်အရေးအမျိုးမျိုးနဲ့ လယ်မြေအမျိုးမျိုးကို မိမိတို့လက်ဝယ်ထားရှိပြီး လုပ်ကိုင်စားသောက်ခွင့် ရရှိထားခြင်းကိုပဲ ဦးပိုင်အမည်ပေါက် တယ်လို့အများက နားလည်ထားကြပါတယ်။ လယ်မြေ တစ်ကွက်ကို မိိမိဦးပိုင်ပေါက်လို့ရှိရင် မိမိအစအဆုံးပိုင်တယ်။ ထိုလယ်မြေကို မိမိသဘောနဲ့ ပေါင်နှံ နိုင်တယ်၊ ရောင်းချနိုင်တယ်၊ ခွဲစိတ်နိုင်တယ်၊ လွှဲပြောင်းပေးနိုင်တယ်၊ သီးစားချနိုင်တယ်စတဲ့ လုပ်ပိုင်ခွင့်များရှိတယ်လို့ တောင်သူလယ်သမားတွေ အပါအဝင်အများစုက ယူဆနေကြပါတယ်။ လယ်မြေတစ်ကွက်ကို ဦးပိုင်အမည်ပေါက်တယ်ဆိုတဲ့နေရာမှာ အဲဒီလယ်မြေအတွက် လက်ဝယ် ထားရှိခွင့်နှင့် စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိသူအနေနဲ့ မြေစာရင်းဌာနမှာ မိမိအမည်စာရင်း ပေါက်နေခြင်း မျှသာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်မြေတစ်ကွက်ကို မိမိဦးပိုင် ပေါက်နေခြင်းဖြင့် ထိုလယ်‌မြေကို လူသုံးကုန်ပစ္စည်းတစ်ခုကဲ့သို့ မိိမိပိုင်ဆိုင်သည် လုပ်ချင်သလိုလုပ်ပိုင်ခွင့်ရှိတယ်လို့ မယူဆအပ်ပါဘူး။ တရားဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးအတွင်း၌သာ အဲဒီလယ်မြေကို မိမိကအသုံးချခွင့် ရှိတာပဲဖြစ်ပါတယ်။ လယ်မြေတစ်ကွက်ကို ဦးပိုင်ပေါက်ခြင်းနှင့် ပတ်သက်ပြီးတော့မှ အဓိက အချက် နှစ်ချက်ရှိကြောင်း တွေ့ရှိရပါတယ်။ အဲဒီနှစ်ချက်ကတော့ မြေစာရင်းဌာနမှာ အမည်ပေါက်ခြင်းနှင့် လယ်ယာမြေမှာလုပ်ပိုင်ခွင့်ရခြင်း ဖြစ်ပါတယ်။ လယ်ယာ‌ြေမတစ်ကွက်အတွက် ဦးပိုင်ပေါက်တဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ သက်ဆိုင်ရာလယ်မြေမှာ မိမိသည် လက်ငုတ်ဖြစ်နေပါက ထိုလယ်ယာမြေ အတွက် မြေစာရင်းဌာနမှာ မိမိအမည်လည်းပေါက်နိုင်တယ်။ လယ်ယာမြေမှာလည်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိနိုင်မှာပဲဖြစ်ပါတယ်။ သက်ဆိုင်တဲ့လယ်ယာမြေမှာ မိမိသည် လက်ငုတ်မဟုတ်ပါက မိမိဦးပိုင်ပေါက်ခြင်းဖြင့် မြေစာရင်းဌာနတွင် အမည်ပေါက်နိုင်ပါ တယ်။ ဒါပေမယ့် လယ်ယာမြေမှာ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်မရနိုင်ပါ။ အဲဒီနှစ်ချက်ကို ထောက်ရှုရင် ဦးပိုင်ပေါက်ခြင်းဟာ လယ်ယာမြေ တစ်ကွက်ကို လုပ်ပိုင်ခွင့်ပေးနိုင်စွမ်းမရှိဘဲ မြေစာရင်းဌာနတွင် မိမိအမည်ပေါက်နိုင်စွမ်းသာ ရှိကြောင်း တွေ့ရှိရပါတယ်။ လယ်ယာမြေတစ်ကွက်ကို လုပ်ပိုင်ခွင့်ရဖို့အတွက် အဓိကအားဖြင်‌့ လက်ရှိ လက်ငုတ်ဖြစ်ခြင်းက အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။ လက်ရှိလက်ငုတ်လုပ်ကိုင်စိုက်ပျိုးနေတဲ့ တောင်သူလယ်သမားများကိုသာ ဦးပိုင်အမည်ပေါက်စေခြင်းသည်သာလျှင် ပို၍သဘာဝကျမယ်လို့ ထင်မြင်ယူဆပါတယ်။ မကြာမီက ထုတ်ပြန်ခဲ့တဲ့လယ်ယာမြေဥပဒေ အခန်း(၂) လယ်ယာမြေကို လုပ်ပိုင်ခွင့်ပြုခြင်း ပုဒ်မ ၆ မှာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေအာဏာ တည်သည့်နေ့ရက်တွင် တည်ရှိနေသော လယ်ယာမြေများနှင့်စပ်လျဉ်း၍ အောက်ပါလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား သက်ဆိုင်ရာခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ခြင်းပေးဆောင်စေ၍ မှတ်ပုံတင်ပြီး လယ်ယာ‌မြေပိုင်ဆိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးရမယ်လို့ ဖော်ပြထားပြီးဖြစ်ပါတယ်။ အဲဒီ ဥပဒေ ပုဒ်မ ၆ (က) ၂ မှာ လယ်ယာ‌မြေကို အသုံးပြုခွင်‌့ရရှိထားတဲ့ ထိုအိမ်ထောင်စု မိသားစုဝင် အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်မိသားစုတွင် ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူသည် ဥပဒေပြဋ္ဌာန်းအတည်မပြုမီ တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင်လက်ရှိလက်ငုတ် လုပ်ကိုင်နေသူဖြစ်ရမယ့်လို့ ဖော်ပြ ထားပါတယ်။ ရိုးသားတဲ့ တောင်သူလယ်သမားအများစုအနေနဲ့ လယ်ယာမြေဥပဒေကို တိတိကျကျ သိသူနည်းပါးကြပြီး ဦးပိုင်အမည်ပေါက်သူကို သီးစားခပေးရန် တာဝန်ရှိတယ်လို့ အရိုးစွဲယုံကြည်နေ ကြပြီး ထိုလယ်ကို လုပ်ပိုင်ခွင့်မရမှာကိုလည်း စိုးရိမ်နေတာကတစ်ကြောင်း အရင်းအနှီးမရှိတဲ့အတွက် တခြားလုပ်ငန်းတွေ မလုပ်စားတတ်ဘဲနဲ့ လယ်ယာစိုက်ပျိုးခြင်းကိုသာ အဓိကအားဖြင့် လုပ်ကိုင် စားသောက်တတ်တဲ့အတွက် ၁၉၆၅ ခုနှစ် သီးစားချထားရေးဥပဒေကို ဖျက်သိမ်းသည့်ဥပဒေကို သိလျက်နဲ့ဖြစ်စေ၊ မသိ၍ဖြစ်စေ သီးစားခပေး စိုက်ပျိုးနေကြရဆဲ ဖြစ်ပါတယ်။ ဒီလို သီးစားခပေး စိုက်ပျိုးနေကြရတာကလည်း စိုက်နိုင်တဲ့‌မြေတိုးတက်မှုနဲ့ လူဦးရေတိုးတက်မှုအချိုးကို ကြည့်မယ်ဆိုရင် လူဦးရေတိုးတက်မှုနှုန်းက ပိုများနေတာကိုလည်း တွေ့နေရပါတယ်။ မိမိတို့နိုင်ငံအနေနဲ့ မြေယာ စိုက်ပျိုးထုတ်လုပ်ရေးနဲ့ပတ်သက်ပြီးတော့မှ လွတ်လပ်ရေးရပြီးခါစ ၁၉၅၀ ပြည့်နှစ်များမှာ အခြား လွတ်လပ်စနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် တော်တော်အ‌ြေခအနေကောင်းခဲ့ပါတယ်။ အဲဒီတုန်းက ကျေးလက်ဒေသလူဦးရေ ၁၅ သန်းအတွက် စိုက်ပျိုးမြေဧက ၂၁ သန်းရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် စာရင်းတွေအရ ကျေးလက်ဒေသလူဦးရေ ၃၉ သန်းခန့် ဖြစ်လာပြီး စိုက်ပျိုးမြေကတော့ ၂၆ သန်းခန့် သာရှိတဲ့အတွက် အချိုးပြောင်းလဲသွားတယ်လို့ သိရပါတယ်။ ဒါဟာ လူဦးရေတိုးတက်သလောက် နေစရာနဲ့ လုပ်ကိုင်စရာမြေနေရာ လိုအပ်လာလို့ မြေဧရိယာကျဉ်းသွားသလို ဖြစ်သွားပါတယ်။ လက်လှမ်းမီသလောက် စာရင်းကောက်ယူ ကြည့်ရှု့ရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကိုးမြို့နယ်မှာ လယ်ယာမဲ့လုပ်သားဦးရေ ၆၆၀၉၆ ဦးရှိတဲ့ဆိုတာ သိရှိရပါတယ်။ လယ်ယာမြေမှာ ကိုယ်တိုင်စိုက်ပျိုးလုပ်ကိုင်ခြင်းမပြုဘဲ ထိုလယ်ယာမြေမှ ရရှိနိုင်မယ့် အကျိုးကျေးဇူးကိုသာ မျှော်ကိုးပြီး ပိုင်ဆိုင်မှုအမည်ပေါက်အောင် တစ်နည်းတစ်လမ်းဆောင်ရွက်ထားခြင်း သို့မဟုတ် အမည်ပေါက် ပိုင်ဆိုင်ထားစေခြင်းသည် ပြည်သူများအနေနဲ့ ‌မြေခစားမြေရှင်ကြီးစနစ်ကို ပြန်လည် အသက်သွင်းသကဲ့သို့ ဖြစ်နေမှလားလို့ ကျွန််တော်တို့အနေနဲ့ စဉ်းစားမိပါတယ်။ ‌မြေစာရင်းဌာနမှာ ဦးပိုင်အမည်ပေါက်ခြင်းနှင့်စပ်လျဉ်းပြီးတော့မှ ဘယ်လိုအချက်တွေနဲ့ကိုက်ညီရင် ဦးပိုင်အမည်ပေါက် ခွင့်ရှိတယ်ဆိုတာ တိတိကျကျသတ်မှတ်ပေးထားပြီး ဖြစ်တယ်လို့လည်း ယူဆပါတယ်။ ထိုဦးပိုင်အမည် ပေါက်ခွင့် သတ်မှတ်ချက်သည် ခေတ်စနစ်နှင့်မကိုက်ညီပဲ တစ်ဦးတစ်ယောက်ကို မျက်နှာသာပေးပြီး မြေဧကအမြောက်အမြားကို သတ်မှတ်ပေးတာမျိုး မဖြစ်သင်‌့ပဲ အမှန်တကယ်လယ်ယာမြေကို လုပ်ကိုင် နေသူ တောင်သူလယ်သမားများကိုသာ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ်ကိုင်ဆောင်ထားသူ တောင်သူလယ်သမားများကိုသာ အမည်ပေါက် သတ်မှတ် ပေးသင့်တဲ့အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးမှာ စားကျက်မြေတွေ၊ မြေလွတ်၊ မြေလပ်တွေ ဌာနဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ ကုမ္ပဏီအမည်ဖောက်၍လည်းကောင်း ခွဲဝေချထားပြီး တောင်သူလယ်သမားများထံမှ သီးစားခရယူနေခြင်းများသည် တည်ဆဲဥပဒေများနှင့် ညီညွတ်ခြင်း မရှိတဲ့ အတွက် လက်ရှိလက်ငုတ်စိုက်ပျိုးနေတဲ့ တောင်သူလယ်သမားများကိုသာ ပုဒ်မ ၆ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၁)(၂) တို့နှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်း၊ ဦးပိုင်အမည် ပေါက်စေခြင်းတို့ကို နိုင်ငံတော်တာဝန်ရှိသူများမှ ဆောင်ရွက်ပေးပါရန်နှင့် အဲဒီလို ဆောင်ရွက်ရာမှာ ဥပဒေနှင့်အညီ သမာသမတ်ကျကျ ဆောင်ရွက်နိုင်မယ့်ပုဂ္ဂိုလ်များကို သီးခြားရွေးချယ်ဖွဲ့စည်း တာဝန် ပေးကြပ်မတ်ဆောင်ရွက်ပေးဖို့ တင်ပြကြောင်း အဆိုတင်သွင်းအပ်ပါတယ်ခင်ဗျား။

 

            ဒီအဆိုကို ကျွန်တော် အခု တင်တာ ဒုတိယအကြိမ်ဖြစ်သွားပါတယ်။ ပထမအကြိမ်တင်တုန်းက သိပ်ပြီးတော့ မသဲကွဲတဲ့အတွက် အခု ကျွန်တော်တို့ ဒုတိယအကြိမ်တင်တဲ့အခါမှာ ကျွန်တော့်ရဲ့ဆိုလိုရင်းကို ပထမဦးဆုံး တင်ပြချင်ပါ တယ်။ ကျွန်တော်ရဲ့ဆိုလိုရင်းက စားကျက်မြေတွေကို ဦးပိုင်ဖောက်ပြီးတော့မှ ခွဲဝေပေးဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ စားကျက်မြေတွေ ဆုံးရှုံးနေတဲ့အတွက် အဲဒီစားကျက်မြေတွေကို ကာကွယ်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော်တင်တာဖြစ်ပါတယ်။ အဲဒီအတွက်လည်း တချို့လွှတ်တော်ကိုယ်စားလှယ်တွေ ကလည်း ပူပန်စိတ်နဲ့ ကျွန်တော်ကို လာပြီးတော့ စာရင်းတွေပေးထားတာရှိသလို ကျွန်တော်ကိုယ်တိုင် ရှာထားတဲ့စာရင်းတွေအရ စားကျက်မြေတွေဟာ တိုင်းနှင့် ပြည်နယ်အသီးသီးမှာ တော်တော်လေး နည်းပါးနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်မှာ ကျွန်တော် လေ့လာ ကြည့်တဲ့အခါမှာ စားကျက်မြေဧက ၂၇၆၁ ဧကရှိပေမယ့် ကျူးပြီးတော့ စိုက်တဲ့ဧရိယာဟာ ၁၆၃၁ ဧက ရှိပြီးတော့မှ ထုတ်နုတ်ပယ်ဖျက်ခွင့်ကျပြီးသား ၃၂၃ ဧကရှိတဲ့အတွက် စားကျက်မြေဟာ သုံးပုံတစ်ပုံ ခန့်ပဲ ကျန်တော့တဲ့အနေအထားမျိုးဖြစ်ပါတယ်။ အလားတူပဲ ရွှေကျင်မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ်ကလည်း ကျွန်တော့်ကို လာစာရင်းပေးထားပါတယ်။ အဲဒီစာရင်းအရ ရွှေကျင်မြို့နယ်မှာ စားကျက်မြေဧက မူလရှိရင်းက ၅၇၉၂ ဖြစ်ပေမယ့် အခု ကျူးစိုက်တဲ့ဧရိယာဟာ ၄၀၈၉ ဖြစ်ပြီးတော့မှ အသားတင်ကျန်ရှိတဲ့ စားကျက်မြေဟာ ၁၅၀၅ ဧကပဲရှိပါတော့တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့မှ ကျွဲ၊ နွား စားကျက်တွေအတွက် ကျွဲ၊ နွားမွေးမြူရေးအတွက် ပူပင်ပြီးတော့မှ ဒီအဆိုနှင့်ပတ်သက်ပြီး စားကျက်မြေတွေနဲ့ပတ်သက်ပြီး ဒါတွေကို ဦးပိုင်ဖောက်ပြီးတော့မှ လုပ်ဖို့တင်ပြတာ မဟုတ်ပါဘူး။ စားကျက်မြေတွေကုန်ခါနီးပြီဖြစ်တယ်ဆိုတာလည်း သိစေချင်ပါတယ်။ နောက်တစ်ခုကလည်း ဒီ စားကျက်မြေတွေကို ရှိပြီးသားစားကျက်မြေတွေမှာ အကြောင်းအမျိုးမျိုးကြောင့် တရားဝင်လျှောက်လို့ ပဲဖြစ်ဖြစ်၊ ကျူးစိုက်လို့ပဲဖြစ်ဖြစ် စိုက်ပြီးတော့မှ ဒီမြေပေါ်မှာ ဌာနဆိုင်ရာတွေ တချို့က အမည်ဖောက် ပြီးတော့မှ ဦးပိုင်ပေါက်ယူထားပါတယ်။

           ကျွန်တော့်အတွေ့အကြုံအရဆိုလို့ရှိရင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ညောင်ပင် ခင်တန်းအုပ်စု ထုံးကြီးကျေးရွာအုပ်စုပိုင် စားကျက်မြေဧက ၂၈၀၀ ခန့်ရှိတဲ့အနက် ဝန်ထမ်းသက်သာ အကြောင်းပြချက်နဲ့ အစိုးရဌာန ၈ ခုက စုစုပေါင်း ၆၇၉ ဧကကို ယူထားပြီးတော့မှ ဒေသခံရွာသား ၅၇ ဦးကို သွင်းအားစုတွေ သူတို့ဘာသာ သူတို့သွင်းပြီးတော့မှ စိုက်ခိုင်းပြီး တစ်ဧကကို စပါး ၁၅ တင်း ကနေ ၁၇ တင်းနှုန်းဖြင့် တစ်မိုးတစ်ရာသီမှာ စပါးတစ်ဧက ၁၅ တင်းကနေ ၁၇ တင်းနှုန်းဖြင့် ရယူပြီး တော့မှ စိုက်ပျိုးခိုင်းနေတာကို တွေ့ရှိရပါတယ်။ အလားတူ သုံးခွမြို့နယ် ညောင်ပင်ခင်တန်းအုပ်စု စားကျက်မြေ ၇၀ ဧကကိုလည်း အစိုးရဦးစီးဌာနအမည်ဖောက်ပြီးတော့မှ တစ်ဧကကို ၁၃ တင်းနှုန်းနဲ့ သီးစားခပေးပြီး စိုက်ပျိုးနေကြတာတွေ့ရပါတယ်။ အလားတူပဲ သုံးခွမြို့နယ် မင်းရွာအတွင်းကျေးရွာ အုပ်စုပိုင် တောင်ကောမြေမှာလည်း ဧက ၆၅၀ ကို ဌာနဆိုင်ရာ  ၄ ခု၊ လူမှုရေးအသင်းအဖွဲ့ ၃ ခု၊ ပုဂ္ဂလိကတစ်ဦးတို့က အမည်ဖောက်ရယူပြီးတော့မှ သီးစားခနှုန်းထား အမျိုးမျိုးပေးသွင်းစေပြီးတော့မှ စိုက်ပျိုးနေကြတာကိုလည်း သိရှိရပါတယ်။ တကယ်တော့ သီးစားခ ပေးသွင်းရတာနဲ့ပတ်သက်ပြီး တော့မှ ၁၉၆၅ ခုနှစ် သီးစားခဥပဒေကို ဖျက်သိမ်းတဲ့ဥပဒေဟာ လက်ရှိတည်ဆဲပဲဖြစ်ပါတယ်။ ဥပဒေရဲ့ ဖော်ပြချက်အရ ၁၉၆၅ ခုနှစ် သီးစားခချထားရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမှာ လယ်ယာမြေများ ပေါ်တွင် အစိုးရကချပေးထားသော သီးစားများသည် သို့မဟုတ် ‌မြေရှင်က ချပေးထားသော သီးစား များကျန်ရှိနေသေးလျှင် ထိုသီးစားများသည် ‌မြေရှင်အား သီးစားခပေးရန်မလိုဆိုပြီးတော့  ၅-၄-၁၉၆၅ ရက်နေ့က ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်ဟာ လက်ရှိတည်ဆဲဖြစ်ပါတယ်။ လယ်သမားတွေ အနေနဲ့ အစဉ်အဆက် လုပ်ကိုင်လာတဲ့ လယ်မြေဖြစ်ပေမယ့် အချို့တွေဟာ အကြောင်းကြောင်းကြောင့် ဦးပိုင်အမည်ပေါက် မလုပ်ဖြစ်ဘူး။ ရွာနီးချုပ်စပ်က မြေလွတ်၊ ‌မြေရိုင်းတွေကိုလည်း တောင်သူ လယ်သမားတွေက ခုတ်ထွင်ရှင်းလင်းစိုက်ပျိုးပေမယ့်လည်း လယ်သမားအနေနဲ့ ဦးပိုင်ပေါက်အောင် ဆောင်ရွက်နိုင်မှုမရှိခဲ့ဘူး။ အကြောင်းကြောင်းကြောင့် ဦးပိုင်အမည်မပေါက်ဘဲနဲ့ ပလပ်မြေများ ဖြစ်နေခြင်း အစရှိတဲ့မြေတွေကို ဌာနဆိုင်ရာတွေ၊ ပုဂ္ဂလိကတွေက လုပ်ထုံးလုပ်နည်းအတိုင်း စာတွေ တင်ပြီးတော့မှ စာရွက်ပေါ်မှာသိမ်းပိုက်လိုက်ပါတယ်။ အဲဒီ သိမ်းပိုက်ပြီးတော့မှ ဒီမြေဟာ မိမိတို့ ဦးပိုင်ပေါက်တယ်။ ဒီမြေမှာလုပ်တဲ့လူတွေဟာ တစ်မိုးတစ်ရာသီမှာ စပါးဘယ်နှစ်တင်းပေးရမယ် ဆိုပြီးတော့ သတ်မှတ်ချက်နှင့် ၁၉၆၅ ခုနှစ် သီးစားချထားရေးဥပဒေကို မျက်ကွယ်ပြုပြီးတော့မှ ဒီနေ့အထိ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အဲဒီတော့ အမှန်တကယ် စိုက်ပျိုးထုတ်လုပ်နေတဲ့ တောင်သူလယ်သမားတွေ နစ်နာနေသလို ဥပဒေကိုလည်း မျက်ကွယ်ပြုရာကျပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ အသစ်ထုတ်ပြန်ပြီးဖြစ်တဲ့ လယ်ယာမြေဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ အခြေခံ တောင်သူလယ်သမားတွေရဲ့အကျိုးကို ကာကွယ်စောင့်ရှောက်ပေမယ်‌့ မြေစီမံခန့်ခွဲမှုဖြစ်ပေါ်စေရေး ကို ရှေးရှုပြီးတော့မှ တင်သွင်းလိုတဲ့အဆိုကတော့ တိုင်းနှင့်ပြည်နယ် အသီးသီးမှာ စားကျက်မြေတွေကို ဌာနဆိုင်ရာအမည်ဖောက်ပြီးတော့မှ ခွဲဝေချထားပြီး  တောင်သူလယ်သမားများကို ထိုမြေတွေမှာ သွင်းအားစုသွင်း၍ စိုက်ပျိုးစေပြီးတော့မှ ဌာနဆိုင်ရာတွေကနေပြီးတော့မှ သီးစားခရယူနေခြင်းဟာ တည်ဆဲဥပဒေကို မျက်ကွယ်ပြုရာရောက်တဲ့အတွက် အဲဒီမြေတွေကို အဲဒီ အမည်ပေါက်တွေကနေ ပြီးတော့မှ တကယ်လုပ်နေတဲ့ တောင်သူလယ်သမားတွေအမည်ကို ပြောင်းလဲ သတ်မှတ်ပေးလို့ရရင် သတ်မှတ်ပေးစေချင်တဲ့အတွက် ဒီအဆိုကို တင်ခြင်းဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။