"၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ရေးအတွက် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း" အဆို


          လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီး ခင်ဗျား။ နာယကကြီး ခွင့်ပြုချက်အရ ကျွန်တော့အနေနဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေးအဆိုကို တင်သွင်းသွားမှာဖြစ်ပါတယ်။

            နာယကကြီးခင်ဗျား။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဥပဒေများရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ အခြေခံဥပဒေများကို ယင်းနိုင်ငံများ၏ သမိုင်းကြောင်းအခြေအနေများနဲ့ထင်ဟပ်ပြီး ရေးဆွဲကျင့်သုံးလျက် ရှိနေပါတယ်။ နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့၊ စောင့်ရှောက်ကာကွယ်ဖို့ စည်းလုံးညီညွတ်စွာနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် တည်ဆောက်နိုင်ဖို့၊ တည်ငြိမ်အေးချမ်းရေး နဲ့ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိဖို့စတဲ့ ရည်ရွယ်ချက်များစွာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်ကို ကျင့်သုံးဆောင်ရွက်နေ ကြတာဖြစ်ပါတယ်။ အခြားနိုင်ငံများရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေများကို လေ့လာကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း(၁၁)၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံမှာ အခန်း(၁၂)ခန်း၊ အိန္ဒိယ နိုင်ငံမှာ အခန်း (၂၂) ခန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ အခန်း(၄)ခန်း၊ မလေးရှားနိုင်ငံမှာ အခန်း (၆) ခန်း၊ စင်ကာပူ သမ္မတနိုင်ငံမှာ အခန်း(၇)ခန်း၊ အင်ဒိုနီးရှားနိုင်ငံမှာ အခန်း(၁၆)ခန်း စသည်ဖြင့် မိမိတို့နိုင်ငံအလိုက် သမိုင်းနောက်ခံ အကြောင်းအရာများကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရေးဆွဲခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ အလားတူ ကျွန်တော်တို့နိုင်ငံမှာလည်း ခေတ်စနစ် အပြောင်းအလဲများ အပေါ် အ‌ခြေခံပြီး ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အဖွဲ့ဝင် ၇၁ ဦးနှင့် ရေးဆွဲခဲ့ပြီး ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အဖွဲ့ဝင် ၉၇ ဦးနှင့်ရေးဆွဲခဲ့ပြီး ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ အလားတူ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဖွဲ့ဝင် ၅၄ ဦးနှင့် ရေးဆွဲခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

            လေးစားအပ်ပါတဲ့ နာယကကြီးခင်ဗျား။ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမှုကို လေ့လာမယ်ဆိုရင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ကရင်တိုင်းရင်းသားခေါင်းဆောင် မန်းဘခိုင်၊ ကချင်တိုင်းရင်းသား ခေါင်းဆောင် ဆမားဒူးဝါးဆင်ဝါးနောင်စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပါဝင်တဲ့ ပြည်ထောင်စုနှင့် ပြည်နယ်ဆပ်ကော်မတီများ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပြီးမှ သဘောတူ ရေးဆွဲခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် တစ်နှစ်အတွင်း လွတ်လပ်ရေးရဖို့ တက်သုတ်ရိုက်ပြီး ရေးဆွဲခဲ့ကြရာမှာ အစကနေအဆုံးအထိ ၁၀၈ ရက် ကြာမြင့်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ပထမမူကြမ်းကို ဥပဒေအကြံပေးဖြစ်သူ ဦးချန်ထွန်းက အိန္ဒိယနိုင်ငံမှာ ရေးဆွဲခဲ့တာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ဖဆပလအဖွဲ့ချုပ် ပဏာမညီလာခံက တာဝန်ပေးခဲ့တဲ့ ၁၁၁ ဦး ကော်မတီကလည်း မူကြမ်းတစ်ခု ရေးဆွဲခဲ့ပါတယ်။ ဒီမူကြမ်း နှစ်ခုပေါင်းစပ်ပြီး ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အဆိုပါ အခြေခံဥပဒေနှင့်အညီ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ရာမှာ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ပျက်ပြယ်သွားခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။

            လေးစားအပ်ပါတဲ့ နာယကကြီးခင်ဗျား။ နောက်ဥပဒေတစ်ခုဖြစ်တဲ့ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာကြည့်မယ်ဆိုရင်  လမ်းစဉ်ပါတီခေတ်မှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုခဲ့လို့ ၁၉၇၄ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ မဲဆန္ဒရှင်ပေါင်း ၉၀%ကျော် ထောက်ခံမဲနှင့် ပြဋ္ဌာန်း ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီအခြေခံဥပဒေဟာ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးတဲ့ တစ်ပါတီစနစ်ရဲ့ အားနည်းချက်ကြောင့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ပျက်ပြယ်ခဲ့ရပြန်ပါတယ်။ ဆက်လက်ပြီး လက်ရှိလိုက်နာကျင့်သုံးလျက်ရှိတဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာကြည့်မယ်ဆိုရင် အနာဂတ်နိုင်ငံတော်အတွက် ရေရှည်အကျိုးရှိပြီး ခိုင်မာတဲ့ ဖွဲ့စည်းပုံအ‌ေခြခံဥပဒေတစ်ရပ် မရှိမဖြစ်လိုအပ်တဲ့အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက ၁၉၉၃ ခုနှစ်ကစပြီး အမျိုးသားညီလာခံ ခေါ်ယူကျင်းပခဲ့တာဖြစ်ပါတယ်။ အစုအဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၇၀၂ ဦး တက်ရောက်ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးစတဲ့ ရှုထောင့်မျိုးစုံက အသိဉာဏ်ပညာ အတွေ့အကြုံ ကြွယ်ဝတဲ့ ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ အခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်ကို အဖွဲ့ဝင် ၅၄ ဦးနှင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှာ ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှာ ပြည်သူ ၉၂.၄၈% ထောက်ခံမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အနှစ်သာရကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုတဲ့ အမျိုးသားရေးမူဝါဒမဏ္ဍိုင်ကို အခြေပြု ရေးဆွဲထားကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။

             လေးစားအပ်ပါတဲ့ နာယကကြီး ခင်ဗျား။ တင်ပြခဲ့တဲ့ အခြေခံဥပဒေ ၃ ရပ်ကို လေ့လာ ကြည့်မယ်ဆိုရင် ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေဟာ အချုပ်အခြာအာဏာပိုင်မှုနဲ့ လွတ်လပ်ရေးကို ဦးစားပေးထားတာဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်၊ အခြေခံဥပဒေကတော့ ဆိုရှယ်လစ်စနစ်ကို ဦးစားပေးထားပါတယ်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ အချုပ်အခြာအာဏာပိုင်မှုနဲ့ လွတ်လပ်ရေးကို ဦးစားပေးထားတဲ့အပြင် ပြည်သူများနှင့် ပြည်ထောင်စုအရေးကို ဦးထိပ်ပန်ဆင်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ အာဏာခွဲဝေကျင့်သုံးမှုမှာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေက မဲအများဆုံးရတဲ့ ပါတီကို အာဏာ ၃ ရပ်ပေးအပ်ထားပြီး ၁၉၇၄ ခုနှစ် အခြေခံဥပဒေကတော့ တစ်ပါတီလက်ထဲကို ဝကွက်အပ်ထားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကတော့ အာဏာသုံးရပ်ကို ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ကို ပိုင်းခြားတာဝန်ပေးပြီး အပြန်အလှန် ထိန်းကျောင်းစေတဲ့စနစ်နဲ့ ဒီမိုကရေစီပိုင်ခွင့် အပြည့်အဝပေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်။

            လေးစားအပ်ပါသော နာယကကြီးခင်ဗျား။ တကယ်တော့ အခြေခံဥပဒေဆိုတာ နိုင်ငံတော်ရဲ့ အခြေခံသဘောထား၊ သဘောတရားများနဲ့ နိုင်ငံတော်အာဏာကို ခွဲဝေသုံးစွဲဖို့ နိုင်ငံတော် အဖွဲ့အစည်းတွေ တည်ထောင်ပုံ၊ ဆက်သွယ်ပုံစတာတွေကို ဥပဒေစကားလုံးများနဲ့ ရုပ်လုံးဖော် ဖွဲ့ဆို ထားခြင်းသာဖြစ်ပါတယ်။ စကားလုံးများထက် သဘောထား၊ သဘောတရားများနဲ့ အဖွဲ့အစည်းများရဲ့ စေတနာ၊ ပူးပေါင်းဆောင်ရွက်မှုတွေက ပိုပြီးအနှစ်သာရ ရှိတာတွေ့ရမှာဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရကတော့ ပါတီစုံဒီမိုကရေစီစနစ်ကို စစ်မှန်စွာနဲ့ စည်းကမ်း ပြည့်ဝစွာ ကျင့်သုံးနိုင်အောင် ဖော်ဆောင်ပေးထားခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားတိုင်းအတွက် အနာဂတ်အရေး ထာဝစဉ်စိတ်အေးရမယ့် ဖော်ဆောင်မှုပဲ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့စဉ်ကလို နိုင်ငံရေးပါတီတွေ အာဏာရယူလိုမှု ပြဿနာမျိုး၊ ၁၉၇၄ ခုနှစ်၊ အခြေခံဥပဒေအရ တစ်ပါတီစနစ် ကျင့်သုံးစဉ်ကလို ပါတီတစ်ခုတည်းရဲ့ အာဏာချုပ်ကိုင်မှုပြဿနာမျိုး လုံးဝမပေါ်ပေါက်စေရေး ဖော်ဆောင်ပေးထားကြောင်းလည်း လေ့လာ တွေ့ရှိရမှာဖြစ်ပါတယ်။

            လေးစားအပ်ပါသော နာယကကြီးခင်ဗျား။ ဥပဒေတစ်ရပ်ဟာ အမြဲတမ်းခိုင်မာပြည့်စုံ မှန်ကန် နေဖို့ မဖြစ်နိုင်ပါ။ အခြေအနေ၊ အချိန်အခါပေါ်မူတည်ပြီး မဆီလျော်တော့တဲ့ လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့တဲ့ ဥပဒေအချက်အလက်တွေ ရှိနေမှာပဲဖြစ်ပါတယ်။ အလားတူ ဥပဒေတစ်ရပ်ဟာ မည်သို့ပင် ပြည့်စုံသည်ဆိုစေကာမူ အချိန်ကာလ အပြောင်းအလဲကြောင့် ပြည်တွင်းပြည်ပနိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအစရှိတဲ့ အရေးအရာအမျိုးမျိုးကြောင့် ခေတ်အခြေအနေနဲ့ အံဝင်ခွင်ကျ မဖြစ်တာတွေ၊ ပြင်ဆင်ဖို့၊ ဖြည့်စွက်ဖို့အတွက် လိုအပ်ချက်တွေ ပေါ်ပေါက်လာမှာ ဓမ္မတာပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေရှိတဲ့ ပြင်ဆင်မှုများကို လေ့လာညှိနှိုင်း သုံးသပ်ဆောင်ရွက်သွားကြရမှာ ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာလည်း အလားတူအခြေအနေအကြောင်း အမျိုးမျိုးကြောင့် ပြန်လည်လေ့လာသုံးသပ်ပြီး လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်မှုတွေ လုပ်ခဲ့ကြရတာ တွေ့ရမှာ ဖြစ်ပါတယ်။ ယခု ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ရေးဆွဲခဲ့စဉ်ကာလက အနာဂတ်နိုင်ငံတော်အတွက် စေတနာအပြည့်နဲ့ အဘက်ဘက်က ပြည့်စုံအောင် ရေးဆွဲခဲ့တာ မှန်သော်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြင့်မားမှုကြောင့် ခေတ်ကာလ အ‌ြေခအနေ၊ အချိန်အခါနဲ့ အံဝင်ခွင်ကျမဖြစ်တော့တဲ့၊ လိုက်လျောညီထွေ မဖြစ်တော့တဲ့ ဥပဒေ အချက်အလက်များ ရှိကောင်းရှိနေမှာဖြစ်ပါတယ်။ ဒီအချက်တွေကို အခြေအနေ အချိန်အခါနဲ့ အံဝင်ခွင်ကျဖြစ်အောင်၊ လိုက်လျောညီထွေဖြစ်အောင် ပြန်လည်လေ့လာသုံးသပ်ဖို့လိုပြီလို့ ယူဆမိပါတယ်။

            အထူးသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးတို့အတွက် လက်ရှိဖြစ်ပေါ်တိုးတက်နေတဲ့ ပြည်တွင်းပြည်ပ အခြေအနေများအပေါ် အခြေခံပြီး နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွား အလို့ငှာ အခါအားလျော်စွာ ပြင်ဆင်မှုများ ပြုလုပ်သွားဖို့ လိုအပ်တယ်လို့ ခံယူမိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) မှာလည်း လေ့လာသုံးသပ်နိုင်ဖို့နည်းလမ်းများ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ သို့သော်လည်း လေ့လာသုံးသပ်ရာမှာတော့ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း လိုရာဆွဲပြီး ဆောင်ရွက်ခြင်းဟာ နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားတဲ့အတွက် သင့်တော်မည့် ဥပဒေပညာရှင်များ၊ အသိဉာဏ်ပညာ ပြည့်ဝသူများ၊ အတွေ့အကြုံရင့်ကျက်သူများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ အပါအဝင် ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး ကော်မတီ၊ ကော်မရှင်များအဖြစ် သင့်တော်သလို ဖွဲ့စည်းဆောင်ရွက် သင့်ပါတယ်။ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ကာကွယ်စောင့်ရှောက်မယ့် အခြေအနေ၊ အချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဥပဒေမျိုးဖြစ်အောင် ကော်မတီ၊ ကော်မရှင်များက အဘက်ဘက်မှ အစဉ်လေ့လာသုံးသပ်ပြီး ဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့မဟုတ် ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို အလေးအနက် တင်သွင်းအပ်ပါတယ်ခင်ဗျား။ 

 

ဆွေးနွေးချက်မရှိသေးပါ။