"သတ္တုတွင်း ဝန်ကြီးဌာနတွင် ကျင်းသုံးနေသော နိုင်ငံတော်မှ အရင်းအနှီး ထည့်ဝင်မှုမရှိဘဲ နိုင်ငံတော်နှင့် လုပ်ငန်းရှင် များအကြား ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ် Production Sharing Contract ဖြင့် လုပ်ဆောင်နေခြင်းသည် တိုင်းရင်းသားလုပ်ငန်းရှင်များအား ထိခိုက်နစ်နာစေပြီး ဈေးကွက်စီးပွားရေး စနစ်ဖြင့်လည်း မကိုက်ညီသောကြောင့် ပယ်ဖျက်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း" အဆို


             ကျွန်တော့ရဲ့အဆိုကို စတင်မတင်ခင်မှာ အခွန်နဲ့ ပတ်သက်ပြီးတော့ တင်တဲ့အဆိုဖြစ်တဲ့အတွက် အခွန်အကြောင်းလေးကို ကျွန်တော် အနည်းငယ်ဆွေးနွေးလိုပါတယ်။  ဒီနှစ်ဘတ်ဂျက်မှာ  ကျွန်တော်တို့ရဲ့ အခွန်နဲ့ GDP အချိုးဟာ ၄% ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ နောက် Slide တစ်ခုပါ။ ကျွန်တော်တို့ အခွန်သာလျှင် နည်းနေတယ်။ အစိုးရရဲ့အသုံးစရိတ်ကရော နည်းသလားဆို ကြည့်မယ်ဆိုရင် CLMP က ၄ နိုင်ငံကိုကြည့်ပါ။ အခွန်နဲ့ GDP အချိုးဟာ ၄% ရှိသော်လည်းပဲ အစိုးရရဲ့ အသုံးစရိတ်နဲ့ Government Expenditure နဲ့ GDP အချိုးက ၂၈ ပါ။ သိပ်ပြီးတော့နည်းတာကို မတွေ့ရပါဘူး။ ကျွန်တော်တို့က ဘာတွေသုံးနေလဲ။ ကျွန်တော်တို့ရဲ့ စုစုပေါင်းအသုံးစရိတ်က ၁၅ ထရီလီယံကျော် ရှိပြီးတော့ ဝန်ကြီးဌာန၊ ဦးစီးဌာနတွေက ၇.၂၂ ထရီလီယံကျော် ရှိတယ်။ အဲဒီမှာ သာမန်က ၃.၉၃ ထရီလီယံ ရှိပါတယ်။ ကျွန်တော်တို့ အခွန်ရတာဟာ သာမန်အသုံးစရိတ်ကိုတောင် မကာမိဘူးဖြစ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ အစိုးရလို့ခေါ်တဲ့ အုပ်ချုပ်မှုအဖွဲ့ဟာ ကိုယ်ရဲ့ စရိတ်ကိုတောင် ကိုယ်ကာအောင်မကောက်နိုင်သေးဘူးဆိုတာ တွေ့ရမှာဖြစ်ပါတယ်။

            နောက် Slide တစ်ခုပါ။ အခွန်နဲ့ GDP အချိုးတွေဟာ တောက်လျှောက် ၆% အောက်မှာပဲ ရှိ ပါတယ်။ ကျွန်တော်တို့ဟာ ဒီဥစ္စာကို ကြာပါပြီ။ ကျွန်တော်တို့ ၁၉၉၇ ခုနှစ်၊ NDC တက်တုန်းကထဲက မြန်မာနိုင်ငံဟာ အခွန်နဲ့ GDP အချိုးဟာ နည်းတယ်ဆိုပြီးတော့ ပြောနေကြတယ်။ သို့သော်လည်းပဲ ဘယ်သူမှလည်း များအောင်မလုပ်ပါဘူး။ အဲဒီအတိုင်းပဲ အခုလည်း နည်းနေသေးပါတယ်။ လွှတ်တော်က လုပ်ရမယ့်သဘော ဖြစ်လာပါတယ်။

            နောက် Slide တစ်ခု။ ကျွန်တော်တို့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ အခွန်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အခွန်နှုန်းတွေက အများကြီးမဟုတ်ပါဘူး။ ဒါ တရုတ်နိုင်ငံရဲ့ လူတစ်ဦးချင်းရဲ့ အခွန်နှုန်းလေးပါ။ အနည်းဆုံးက ၃% ပါ။ အမေရိကန်နိုင်ငံမှာ အနည်းဆုံးက ၁၀% ကောက်ပါတယ်။ နှစ်စဉ်၂၀၁၂ မှာ တစ်မျိုး၊ ၂၀၁၃ မှာတစ်မျိုး၊ အသေးစိတ် နှစ်စဉ်ဒါကို ဘတ်ဂျက်ဥပဒေနဲ့အတူတွဲပြီးတော့ ကွန်ဂရက်ကို တင်ပြီးတော့မှ၊ အတည်ပြုပြီးမှ ကောက်တဲ့အခွန်နှုန်းတွေ ဖြစ်ပါတယ်။ Slide နောက်တစ်ခု။ ဒီမှာ ကျွန်တော်တို့ Resource Curse ဆိုတာလေးကို ကြည့်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ရဲ့ ဥက္ကဋ္ဌများ အစည်းအဝေးတစ်ခုမှာ ဥက္ကဋ္ဌ တစ်ယောက်ကနေပြီးတော့ Resource Curse ဆိုတာလေး ပြောသွားပါတယ်။ Resource Curse ဆိုတာ ဘာလဲဆိုတဲ့ အခါကျတော့ သယံဇာတ ပေါများကြွယ်ဝတဲ့ နိုင်ငံတွေဟာ တိုးတက်မှုနှေးတယ်လို့ တွေ့ရှိရပါတယ်။ ၁၉၉၀ လောက်မှာ စပြီးတော့ ကမ္ဘာမှာတွေ့ရှိ လာတယ်။ Slide နောက်တစ်ခု။ ဒီနိုင်ငံတွေဟာ အခွန်ကို ကြိုးကြိုးစားစား မကောက်ဘူးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ သယံဇာတကဝင်ငွေတွေ  ရှိနေတဲ့အတွက် အခွန်မကောက်ဘူးတဲ့။ Slide နောက်တစ်ခု။  ဒီပြည်သူတွေကလည်းပဲ သူတို့ကို သေသေချာချာ ထိထိရောက်ရောက် အခွန်ကောက်ခံရတာဟာ မရှိတဲ့အတွက် အစိုးရက ဘာတွေလုပ်နေလဲ၊ အကျိုးရှိတာတွေ လုပ်ရဲ့လား၊ သူလုပ်ချင်တာတွေပဲ လုပ်နေလားဆိုတာတွေလည်းပဲ စိတ်ဝင်စားမှုမရှိဘူး။ ဒီလိုပဲ နေကြတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ အဆိုတွေအရတော့ အစိုးရရဲ့အသုံး စရိတ်ဟာ အခွန်မမီတဲ့အတွက် အစိုးရကလည်း ပြည်သူတွေကို ဂရုမစိုက်ဘူး ဆိုထားပါတယ်။

            Slide နောက်တစ်ခု။ သယံဇာတကို မမှီခိုတဲ့နိုင်ငံတွေမှာကတော့ အစိုးရဟာ အခွန်ကိုရအောင် ကောက်ရပါတယ်။ ပြည်သူတွေကလည်းပဲ သူတို့ဆီကနေ အခွန်တွေကို လာကောက်နေတယ်ဆိုတာကို ထင်ထင်ရှားရှားသိသိသာသာ အခွန်ပေးလို့ရမယ့်သူတွေ အားလုံးနီးပါးပေးနေရတဲ့အခါကျတော့ ဒီအခွန်တွေကို Tax Payer Dollor လို့ခေါ်တာပေါ့နော်။ ဒီအခွန်ထမ်းတွေရဲ့ငွေကို အစိုးရက ဘာတွေ လုပ်နေသလဲဆိုတာကို ဝန်ကြီးဌာနတွေအားလုံး စောင့်ကြည့်နေပါတယ်။ ဒီလိုဖြစ်တဲ့ဟာက အခွန်ကို မမှီခိုတဲ့နိုင်ငံတွေဖြစ်ပါတယ်။  နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ အခွန်တိိမ်းရှောင်တာတွေ ရှိပါတယ်။ ဝန်ထမ်းတွေ ဆိုတာလည်း မကောင်းတာတွေရှိပါတယ်။ ဒါတွေကို ပြောနေလို့တော့ မဆုံးပါဘူး။ တရုတ်နိုင်ငံမှာ Tax Evasion ပေါ့။ အခွန်ရှောင်လို့ရှိရင် သေဒဏ်ထိုက်တာတောင်မှပဲ တရုတ်နိုင်ငံမှာ အခွန်တိမ်းရှောင်မှု တွေရှိနေတယ်။ သူတို့ရဲ့ SEE တွေလို့ခေါ်တဲ့ နိုင်ငံတော်ပိုင် စီပွားရေးအဖွဲ့အစည်းတွေက စပြီးတော့ အခွန် တိမ်းရှောင်ဖို့ကြိုးစားတယ်လို့ ဆိုပါတယ်။ ဘာကြောင်‌့လဲဆိုတော့ သူတို့က ကျွန်တော်တို့ နိုင်ငံက SEE တွေနဲ့ မတူပါဘူး။ သူတို့က Independent ပေးထားပြီးတော့ Private ကုမ္ပဏီလို လုပ်တဲ့အတွက် သူတို့တောင်မှပဲ အခွန်ရှောင်တယ်လို့ပြောပါတယ်။ တရုတ်နိုင်ငံမှာလည်း ရှောင်တယ်။

             နောက်တစ်ခု ကြည်‌့ရအောင်။ ဒါ အမေရိကန်နိုင်ငံပါ။ အမေရိကန်နိုင်ငံမှာလည်း ရှောင်တာပါပဲ။ အမေရိကန် နိုင်ငံကြီးဟာ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ပြီး၊ အရမ်းတိုးတက်နေပြီး လူတွေဟာ အလိုက်တသိနဲ့ အခွန်ဆောင်နေမယ်လို့ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာ နှစ်စဉ်အခွန်တိမ်းရှောင်မှုကြောင့် ဝင်ငွေလျော့နည်း ခဲ့တာတွေဟာ ဒီလိုရှိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ သူတို့နည်းလမ်းမျိုးစုံနဲ့ လုပ်တဲ့အထဲမှာ ဘာတွေလုပ်သလဲဆိုတော့ ကျွန်တော်တို့နည်းနည်း ကြည့်မယ်ဆိုရင် နောက်ဆုံး သူတို့ နည်းလမ်းက ၃ ခု ပေါ့။ နည်းလမ်း ၃ ခုနဲ့ သူတို့လုပ်တယ်။ နောက်ဆုံး Whistle Blower Program ဆိုတာကတော့ သတင်းပေးတဲ့ ဥစ္စာပါပဲ။ Slide နောက်တစ်ခု။ ဒီဥစ္စာက ၂၀၀၆ ခုနှစ်ကမှ ပေါ်လာတဲ့ အစီအစဉ်နဲ့ ဥပဒေဖြစ်ပါတယ်။ ဒါကိုလည်းပဲ ကျွန်တော်တို့ အထက်လွှတ်တော်ရဲ့ ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌကနေ စတင်ပြီးတော့ ဒီဟာကို Intiate လုပ်ခဲ့ပြီးတဲ့အခါမှာ ကွန်ဂရက်ကနေပြီ‌း‌တော့ သတင်းပေးတဲ့ လူတွေကို ၁၅% ကနေ ၃၀% အထိ ချီးမြှင့်ရမယ်ဆိုပြီးတော့ စပြီးတော့ ၂၀၀၆ မှာ ဒီဥပဒေကို စထုတ် ပြန်တာနဲ့ အဲဒီနှစ်အတွင်းမှာပဲ သတင်းပေးကြောင့် ၃ ဘီလီယံကျော်ရခဲ့တယ်။ ဒီ ၂၀၁၂ ခုနှစ်မှာဆိုရင် သတင်းပေးတစ်ယောက်တည်းကို ၁၀၄ သန်း ချီးမြှင့်ခဲ့ရတယ်ဆိုပြီး ရှိပါတယ်။

            အဲဒီတော့ ဒီအထိကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့ အခွန်ကိုရအောင်ကောက်ဖို့က အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း အခွန်ရအောင် ကောက်နိုင်ရင်ကောက်၊  မကောက်နိုင်ဘူး ဆိုလို့ရှိရင်တော့ ကျွန်တော်တို့နိုင်ငံကို ကမ္ဘာရဲ့အမြင်မှာ အစိုးရကလည်းပဲ အခွန်ရအောင် မကောက်ဘူး။ ပြည်သူတွေကလည်းပဲ အခွန်တွေကို မပေးချင်ဘူး။ ဘယ်လိုနိုင်ငံလဲမသိဘူးဆိုပြီးတော့ အထင်အမြင်လွဲ ခံရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ International Practice တွေ၊ ဒီဟာတွေကို မလိုက်နာလို့လည်း မဖြစ်တော့ဘူး။ ကျွန်တော်တို့ အခွန်မကောက်ဘဲနဲ့လည်း ဖြစ်နေတယ်ဆိုပြီးတော့ မရတော့ပါဘူး။ ဘတ်ဂျက်ကိုလည်းပဲ ဒီ Central Bank Finance Link နဲ့ လုပ်လို့မရတော့ဘူးဆိုတာ တဖြည်းဖြည်း ဖြစ်လာမှာဖြစ်ပါတယ်။

             နောက်တစ်ခု။ ဒါကျွန်တော်တို့အနေနဲ့ကတော့ ၄% ကနေ ၈%၊ ၈% ကနေ ၁၀%ကို အချိန်ကာလ သတ်မှတ်ပြီးတော့ တိုးဖို့ကို လွှတ်တော်က တိုက်တွန်းဖို့ လိုလာပါပြီ။ နို့မို့ရှိရင်တော့ ဒီဘဏ္ဍာ/အခွန် ဝန်ကြီးဌာနရော၊ ပြည်ထောင်စုအစိုးရအဖွဲ့ကရော လုပ်နေတယ်၊ လုပ်နေတယ်၊ အခွန်တွေတိုးအောင် လုပ်နေတယ်၊ လုပ်တော့လုပ်နေတယ်၊ ဘယ်တော့ရောက်မလဲဆိုတာ မသိဘဲနဲ့ ငါးနှစ်ပြီးငါးနှစ်၊ ကုန်ကုန် သွားမယ်ဆိုရင် မဖြစ်ပါဘူးဆိုတာ ကျွန်တော့အနေနဲ့ နိဒါန်းပိုင်းကို ဆွေးနွေးလိုပါတယ်။

             နောက်တစ်ခု။ ကျွန်တော့ရဲ့အဆိုကတော့ ဒီအခွန်နဲ့ဆက်စပ်ပြီးတော့ပဲ သတ္တုတွင်းဝန်ကြီးဌာန မှာရှိတဲ့ Production Sharing Contract လုပ်နေတဲ့ဥစ္စာဟာ လုပ်ငန်းရှင်တွေကို ထိခိုက်ပြီးတော့ ဈေးကွက်စီးပွားရေးစနစ်နဲ့ မကိုက်ညီတဲ့အတွက် ဒါကို ပယ်ဖျက်ဖို့ဆိုပြီ‌း‌တော့ တင်သွင်းမှာဖြစ်ပါတယ်။ အဲဒီတော့ သတ္တုတွင်းဝန်ကြီးဌာနမှာ ပေးနေရတဲ့အခွန်နဲ့ပတ်သက်ပြီးတော့ များတယ်ဆိုပြီးတော့ ဒီအထဲ မှာလည်း လုပ်ငန်းရှင်တော်တော်များများ ပါတဲ့အခါကျတော့ ဆွေးနွေးကြပါတယ်။ အဲဒီတော့ ဒီမှာ သူတို့ ပြောပြောနေတဲ့ Royalty တို့၊ Debt Rent တို့၊ ဒါတွေဟာ ဥပဒေနဲ့အညီကောက်တာတွေပါ။ Commercial Tax ဆိုတာလည်းပဲ ဥပဒေနဲ့အညီကောက်တာပါ။ ဥပဒေမှာ ဒါတွေအားလုံးကောက်ရမယ်လို့ ပါပြီးသား ဖြစ်တယ်။ နှုန်းထားများတာ၊ နည်းတာတစ်ပိုင်းပေါ့။ ဥပဒေမှာ မရှိဘဲနဲ့ ကျွန်တော်တို့ ကောက်နေတာကတော့ Signature Bonus လို့ခေါ်တဲ့  လက်မှတ်ရေးထိုး ဆုကြေးတွေရယ်၊ ထုတ်လုပ်မှုအပေါ်ခွဲဝေ ခံစားတဲ့ စာချုပ် PSC ပေါ့။ Production Sharing Contract ပေါ့၊ ဒီလို Contract နဲ့လုပ်ပြီးတော့ ကောက်တဲ့ဥစ္စာဟာ ဥပဒေမှာ ဒီလိုမျိုးလုပ်ရမယ်လို့ မဟုတ်ပါဘူး။ ဒါ အခွန်လည်း မဟုတ်ပါဘူး။ အခွန် လိုလို၊ ဘယ်လို့လဲဆိုတော့ သေချာမပေါ်ပါဘူး။ မပေါ်ဘဲနဲ့ နိုင်ငံအတွက်ရအောင် လုပ်တယ်ဆိုတဲ့ဟာနဲ့ ပြည်သူတွေဆီကနေပြီးတော့ ကျွန်တော်တို့က ပြည်သူတွေအနေနဲ့ ဒီလုပ်ငန်းတစ်ခုကို ရှုံးရှုံးမြတ်မြတ် နိုင်ငံတော်ကတော့ အချိုးယူရမှာပဲဆိုတဲ့သဘောဖြစ်နေပါတယ်။ တကယ်ဆိုရင်တော့ နိုင်ငံတော်ဆိုတာ အခွန်စနစ်မှာကိုက ဝင်ငွေခွန်ဆိုတာ မြတ်မှပေးရတာပါ။ ပြီးလို့ရှိရင် များများမြတ်တဲ့သူကို များများယူပါတယ်။ ဒီလို ရှုံးရှုံးမြတ်မြတ် နိုင်ငံတော်ကို ပေးရမယ်ဆိုတဲ့ စနစ်မျိုးဟာ အထူးသဖြင့် ခုချိန်မှာတော့ ဒီလိုမျိုးဟာ မရှိသင့်တော့ပါဘူး။ ကျွန်တော်တို့က  ပြည်သူတွေကို ကြည့်ရမှာဖြစ်ပါတယ်။

            နောက် Slide တစ်ခု။ ဓာတ်သတ္တု ဒီသတ္တုဥပဒေမှာ ကြည့်မယ်ဆိုရင် ဓာတ်သတ္တုဆိုတာကို Defination ဖွင့်ထားပါတယ်။ ဒီမှာလည်း သတ္တုနဲ့ ဓာတ်သတ္တု ၂ မျိုး ရှိပါတယ်။ ဓာတ်သတ္တုဆိုတာ ဘာတွေပါလဲဆိုတာ ရေးထားပါတယ်။ ဓာတ်သတ္တုမှာ ကျောက်မျက်ရတနာ ပါပါတယ်။ သတ္တုဆိုတာ ပါပါတယ်။ ဓာတ်သတ္တုအောက်မှာမှ သတ္တုဆိုတာရှိပါတယ်။ ပြီးတော့မှ စက်မှုတွင်းထွက်ကုန်ကြမ်း ကျောက်ဆိုပြီး ရှိပါတယ်။ Slide နောက်တစ်ခု။ ဒီသတ္တုဥပဒေမှာ အထင်အရှား ရေးထားပါတယ်။ ဓာတ်သတ္တုတွေကို အခွန်တွေ ဘယ်လောက်ကောက်ရမလဲဆိုတာ ဒါ Royalty ပေါ့။ ကျောက်မျက်ရတနာ ဆိုရင် ၅ ကနေ ၇.၅၊ ရွှေ၊ ငွေဆိုရင် ၄ ကနေ ၅၊ ဒီထက်မပိုရဘူးလို့ သူကရေးထားတာဖြစ်ပါတယ်။ အဲဒီတော့ တချို့သော ဥပဒေမှာဆိုရင် ဘယ်လောက်ကောက်ရမလဲလို့ မရေးထားပါဘူး။ ဓာတ်သတ္တု ဥပဒေမှာတော့ ကျွန်တော်တို့ အခွန်တွေကို အများကြီးမကောက်အောင် ဓာတ်သတ္တုရဲ့လုပ်ငန်းတွေ တိုးတက်အောင် ထွက်ရှိလာအောင်ဆိုပြီးတော့ ကျွန်တော်တို့နိုင်ငံဟာ Resources တွေရှိတယ်။ သို့သော်လည်းပဲ ဒါတွေကိုထုတ်ဖို့ကလည်း လိုသေးတယ်။ ထုတ်ဖို့ဆိုတဲ့ဥစ္စာက Technical Know How တွေရော၊ Investment   တွေရောလိုတယ်။ လိုတာဖြစ်တဲ့အတွက် ဒီဓာတ်သတ္တုတွေကို ထုတ်တဲ့အခါမှာ အခွန်တွေ အများကြီးမကောက်အောင်ဆိုပြီးတော့ အခွန်ရာခိုင်နှုန်းတွေကို တိတိကျကျရေးထားခဲ့ပုံရပါတယ်။ သို့သော်လည်းပဲ အခုလုပ်နေတဲ့ဥစ္စာကတော့ အခု လုပ်တယ်ဆိုတာ အရင်တုန်းကတည်းက လုပ်နေတာပါ။ ကျွန်တော်တို့ MD ဘဝတုန်းကတည်းက လုပ်နေတဲ့ ဥစ္စာတွေကတော့ ဓာတ်သတ္တုခွန် ကောက်တယ်။ ဒီအတိုင်းပဲ ကောက်တယ်။  ဒီနှုန်းထားအတိုင်းကောက်တယ်။ ပြီးတော့မှ PSC ဆိုပြီးတော့ ဒါဟာ အခွန် လိုလို၊ ရှယ်ယာယူသလိုလိုပေါ့။ ရှယ်ယာယူတယ်ဆိုတာ၊ ဖက်စပ်လုပ်တယ် ဆိုတာ ကိုယ်က Investment တစ်ခုခုထည့်မှ ဖက်စပ်လုပ်လို့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

            နောက် Slide တစ်ခု။ ဒီမှာ ဥပဒေမှာဆိုရင်တော့ အခွန်တောင်မှ လျှော့လို့ရသေးတယ်ဆိုပြီးတော့ ကျွန်တော်တို့ပြောထားတာရှိပါတယ်။ ဒါထုတ်လုပ်သူတွေကို တကယ်ကိုဦးစားပေးပြီးတော့ ဆွဲထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ Slide နောက်တစ်ခု။ အဲဒီတော့ သူတို့ကလည်းပဲ သတ္တုတွင်းရဲ့ ဥပဒေမှာတော့ ဒီလိုမျိုး ဆိုထားသော်လည်းပဲ နည်းဥပဒေမှာ အပိုဒ်နှစ်ပိုဒ် ပါပါတယ်။ အဲဒါဘာလဲဆိုတဲ့အခါကျတော့ ဖက်စပ်လုပ်နိုင်တဲ့ ဆိုတဲ့ဟာပါတာကို တွေ့ရပါတယ်။ နည်းဥပဒေမှာ ပါတာပါ။ ဥပဒေမှာ မပါပါဘူး။ အဲဒီတော့ ဒီလိုလုပ်တဲ့အခါမှာသူက Production Sharing သို့မဟုတ် Profit Sharing ပေါ့။ ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားတဲ့စနစ်သို့မဟုတ် နှစ်ဦးနှစ်ဖက် ထည့်ဝင်မှုအပေါ် အခြေခံသည့် အမြတ်ခွဲဝေမှုစနစ်၊ နှစ်ဦးနှစ်ဖက်ထည့်ဝင်မှုဆိုတာ ထည့်ဝင်တဲ့အပေါ် မူတည်ပါတယ်။ ထည့်ဝင်တာဆိုရင်တော့ ယူပါ။ ဥပမာ ဆိုရင် အစိုးရကထည့်တဲ့ဥစ္စာက Investment က ငွေအားဖြင့် ဖြစ်စေ၊ ပစ္စည်းအားဖြင့်ဖြစ်စေ ရာခိုင်နှုန်း ၃၀ ရှိတယ်ဆိုရင် ဒါအစိုးရက အချိုး ၃၀ ယူ။ ဒါတရားမျှတ ပါတယ်။ ဘာမှမထည်‌့ဘဲနဲ့ အစိုးရက သတ္တုတွေ၊ မြေတွေပေးရတယ်၊ အစိုးရက မြေတွေပေးရတယ်ဆိုပြီးတော့ ယူတာကတော့ သဘာဝ မကျပါဘူး။ ဘာကြောင်‌့လဲဆိုတော့ အစိုးရက မြေငှားတဲ့အတွက် Debt Rent ဆိုပြီးတော့ မြေငှားခ ကောက်ပါတယ်။ သတ္တုတွေကို တူးခွင့်ပေးတဲ့အတွက်  Royalty ဆိုပြီးတော့ ကောက်ပြီးသားဖြစ်ပါတယ်။

            နောက်တစ်ခု။ ရောင်းချရတဲ့ သတ္တုတန်ဖိုးတွေကို စည်းကြပ်တဲ့အခါမှာလည်း ရောင်းပြီးတဲ့ ငွေတွေကို သေချာချေပြီးတော့မှ စည်းကြပ်ရမယ်ဆိုပြီးတော့မှ ဥပဒေမှာ ဆိုထားပါတယ်။ ကျွန်တော် ရှင်းပြတဲ့ဥစ္စာက လက်တွေ့လုပ်နေတာနဲ့ ဥပဒေတွေနဲ့ ဥပဒေတွေက အင်မတန်ကောင်းသော်လည်းပဲ လက်တွေ့မှာ ဖြစ်နေတဲ့ဟာတွေကတော့ နိုင်ငံတော်ကို ရချင်တဲ့ဇောနဲ့ ဌာနတွေက လုပ်တဲ့အခါမှာ ပြည်သူတွေအတွက် ဒုက္ခရောက်တာတွေကို ကျွန်တော်တို့ လွှတ်တော်ပေါ်လာတဲ့အချိန်မျာ ဒါတွေကို တတ်နိုင်သလောက် လျော့အောင်လုပ်ရမှာဖြစ်ပါတယ်။

            နောက်တစ်ခု။ ဒါကလည်းပဲ မြန်မာကျပ်ငွေနဲ့ သို့မဟုတ် နိုင်ငံခြားငွေနဲ့ ပေးရမယ်လို့ ဆိုထားတာပါ။ ရွှေတွေပေးရမယ်။ ကျောက်တွေပေးရမယ်လို့ ဆိုထားတာ တစ်နေရာမှမရှိပါဘူး။ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်တယ်ဆိုတာ ကျွန်တော်တို့ ထုတ်လုပ်မှုကုန်ကျစရိတ်တစ်ခုတည်းကို ကြည့်လို့မရပါဘူး။ ကျွန်တော်တို့ လုပ်တဲ့လုပ်ငန်းတွေဟာ ဝန်ထမ်းသက်သာချောင်ချိရေးတွေ၊ သုတေသနစရိတ်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ၊ ဒါတွေကို လုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနတွေဆိုတဲ့ဥစ္စာက ဒီထုတ်လုပ်တဲ့ သူတွေဆီကနေပြီးတော့ ရအောင်ယူမယ်ဆိုတဲ့ အရင်တုန်းက ဝန်ကြီးဌာနတွေက ငွေရှာရမယ်ဆိုတဲ့ အတွေးအခေါ်တွေ၊ ညွှန်ကြားချက်တွေကို ပြင်ပြီးတဲ့အခါမှာ ငွေရှာဖို့ဆိုတာ အခွန်ဌာနကပဲ ရှာရမယ်။ ဘဏ္ဍာ/အခွန်ကပဲရှာရမယ်။ ကျန်တဲ့ဝန်ကြီးဌာနတွေက ကိုယ့်ရဲ့ Sector အလိုက် ကိုယ့်ရဲ့  Sector မှာရှိတဲ့ သတ္တုတွင်းဆို သတ္တုတွင်းအောက်မှာရှိတဲ့ လုပ်ငန်းတွေ အဆင်ပြေအောင် သူတို့ဟာတွေ Export လုပ်ရင် အဆင်ပြေအောင်၊ သူတို့မှာလုပ်နေတဲ့ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကိုကောင်းအောင်၊ ပိုပြီးတော့ လုပ်နိုင်အောင် Innovative တွေ Research Development လုပ်နိုင်အောင် ဒါမျိုးတွေကို ကြပ်မတ် ထိန်းသိမ်းတဲ့ အလုပ်‌တွေကို ဝန်ကြီးဌာနတွေက လုပ်ရမယ်လို့မြင်ပါတယ်။ ထုတ်လုပ်သူတွေဆီက လိုက်ပြီးတော့ အတင်း ရွှေတွေကိုပေး၊ ကျောက်တွေကိုပေး၊ ပုလဲတွေကို ပေးဆိုပြီးတော့ အစိုးရဟာ ဒီဟာတွေကိုပဲ စိတ်ဝင်စားပြီးတော့ ယူနေတဲ့ဟာတွေ ပြင်ဖို့လိုပြီဆိုတဲ့ဟာကို ကျွန်တော်တို့အနေနဲ့ တင်ပြလိုခြင်းဖြစ်ပါတယ်။

            နောက်တစ်ခု။ ဒါရတနာခွန် ပေးဆောင်ခြင်းပါ။ ရတနာကို ရောက်သွားပါပြီ။ ဒါ ကျောက်မျက်ပါ။ ကျောက်မျက်က သတ္တုကနေပြီးတော့ သတ္တုဥပဒေ ပြီးတဲ့အခါမှာ ကျောက်မျက် ဥပဒေ ပေါ်ပါတယ်။ ဒါကိုတော့ တွင်းဝခွန်၊ ကျောက်မျက်နဲ့ပတ်သက်တဲ့ တွင်းဝခွန် ၁၀% ဆိုတဲ့ဥစ္စာလည်းပဲ တချို့ကများတယ်လို့ ထင်တာပေါ့။ ဒါကလည်းပဲ ဘာလဲဆိုတော့ ဒီဥပဒေကို လေ့လာကြည့်မယ်ဆိုရင် အဲဒီ အချိန်တုန်းက Commercial Tax က ကျောက်တို့၊ ပုလဲတို့ပေါ့။ ကျောက်မျက်ရတာနာတို့၊ ပုလဲတို့ပေါ့။ ဒါတွေကို Lazuli ဆိုပြီးတော့ ၃၀% ပေးရပါတယ်။ ဒါဟာရိုးရိုး ပြည်တွင်းအခွန်အရပါ။ သို့သော်လည်းပဲ ကျောက်ဥပဒေတွေ ထုတ်တဲ့အခါမှာ ဒီ ၃၀ ကို မပေးရတော့ဘဲနဲ့ တွင်းဝခွန် ၂၀ ကိုပဲ တန်ဖိုးဖြတ် အဖွဲ့နဲ့ ယူတာဖြစ်ပါတယ်။  ဒါကကျောက်မျက်ပါ။

            နောက်တစ်ခု။ ဒါက စောစောကပြောတဲ့အတိုင်းပါပဲ။ တွင်းဝခွန် ၂၀ ပေးပြီးလို့ရှိရင် Commercial Tax ပြည်တွင်းမှာရောင်းလို့ရှိရင် ကျောက်မျက်က လုံးဝမပေးရပါဘူး။ ဒါတွေကတော့ ဥပဒေနဲ့လုပ်တဲ့ ဟာတွေပါ။ နောက်တစ်ခု။ ဒီ Production Sharing Contract ဆိုတဲ့ဥစ္စာမှာ ကျွန်တော်တို့ In Cush ခွဲတာနဲ့ In Kind ခွဲတာရှိပါတယ်။ အရင်တုန်းကဆိုလို့ရှိရင် ထွက်လာတဲ့ ကျောက်ကို အခုလည်းပဲ လုပ်တာတွေရှိပါတယ်။ တချို့သောကျောက်တွေဟာ ကျောက်စိမ်းတုံးကြီးတွေ ဆိုရင် ခွဲလို့မရဘူး။ ခွဲလို့ မရတဲ့အခါမှာ ရောင်းပြီးတဲ့ အခါကျမှ ငွေကိုခွဲတာပေါ့။ တချို့ခွဲလို့ရတဲ့ ဥပမာ ပုလဲဆို ခွဲတယ်။ နောက်တစ်ခါ ကျောက်အနီတွေဆိုရင် ခွဲတယ်။ အဲဒါတွေကိုခွဲပြီး In Kind , In Cush လိုမျိုးခွဲပြီးတော့ ယူတာ ဖြစ်ပါတယ်။ အဲဒီတော့ PSC အဆင့်ဆိုတာ ဘာလဲဆိုတော့ ထုတ်လုပ်မှုအပေါ်မှာ ခွဲဝေခံစားတာ ဖြစ်တဲ့အတွက် ထုတ်လုပ်တဲ့ကုမ္ပဏီတွေမှာ သွားပြီးတော့ Observer လို့ခေါ်တဲ့ ဝန်ထမ်းတွေ သွားထားရပါတယ်။ အနည်းဆုံး နှစ်ယောက်လောက်ပေါ့။ ဒီနှစ်မှာ ဒီကုမ္ပဏီဟာ ရွှေဘယ်လောက် ထွက်သလဲ။ ကျောက်ဘယ်လောက် ထွက်သလဲ။ ဘယ်လိုလဲဆိုတာ ဒီဝန်ထမ်း ကစောင့်ကြည့်ရတယ်။ စောင့်ကြည့်ပြီးတော့ Report လုပ်ရတယ်။ နောက်ပြီးလို့ရှိရင် သုံးလတစ်ကြိမ် GMC အစည်းအဝေးတွေ လုပ်ရတယ်။ စောစောက သွားနေတဲ့ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးတွေရော၊ ချီးမြှင့်ငွေတွေရော ကုမ္ပဏီက ကျခံရပါတယ်။ GMC လုပ်ရင်လည်း Seating Fee ဆိုတာပေးရပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ရခဲ့ပါတယ်။ Seating Fee ဆိုတာတွေပေးရတယ်။ ပြီးလို့ရှိရင်ထပ်လာတဲ့ ပစ္စည်းတွေကို ဌာနကနေပြီးတော့ ယူထားတယ်။ ယူထားပြီးတော့မှ ဒါတွေကိုအဆင်ပြေတဲ့ အချိန်မှာခွဲတယ်။ အတတ်နိုင်ဆုံးကတော့ အမြန် ခွဲပေးတယ်။ သို့သော်လည်းပဲ ဌာနက အလုပ်ရှုပ်တဲ့အခါ တော်တော်နဲ့မခွဲနိုင်ဘူး။ အဲဒီတော့ ဒီလုပ်ငန်းရှင်တွေက သူ့ပစ္စည်းတွေက မြင်သာမြင်ရသေးတယ်။ ဒါကို ရောင်းလို့လဲမရသေးဘူး။ သူတို့ရဲ့ လုပ်ငန်း သဘောသဘာဝအရ ဆိုတာ အခုထုတ် အခုရောင်းမှ အခုငွေပြန်လည်မယ်။ ကျွန်တော် ရောက်စမှာ နမူနာပြောရလို့ ရှိရင် ဘာဖြစ်လဲဆိုတော့  ကုမ္ပဏီက ပုလဲတွေဟာ မြန်မာ့ပုလဲက သိမ်းထားတယ်။ အဲဒီတုန်းက ပုလဲမရောင်းတဲ့အခါကျတော့ သူတို့က ပိုက်ဆံကို မရှိတော့ဘူး။ နောက်ဆုံးမှာကျွန်တော်က ဝန်ကြီးကိုတင်ပြပြီး ဟောင်ကောင်ကို သွားပြီးတော့ရောင်းတယ်။ ကျွန်တော်လည်း တစ်ခါပဲရောင်းတယ်။ သိပ်တာဝန်ကြီးတဲ့အတွက် နောက်ကို သွားမရောင်းတော့ဘူး။ နောက်ပိုင်းမှာတော့ ကျွန်တော်က In kind ခွဲဖို့ တင်ပြတော့ In kind ခွဲတော့ နည်းနည်းလေး အဆင်ပြေတာပေါ့။

            နောက်တစ်ခု။ အဲဒီတော့ PSC စနစ်က ယူထားတဲ့အချိုးက များတဲ့အပြင် ကိုယ်ဘာသာကိုယ် ချက်ချင်းလည်း မရောင်းနိုင်ဘူး။ နောက်တစ်ခါ လုပ်ချင်လည်း လုပ်လို့မရဘူး။ ခုနကပြောတဲ့ GMC ဆိုတဲ့ နေရာမှာ တချို့သော MD တွေက ကျွန်တော်လည်း ပါတဲ့အခါမှာ ပါမှာပေါ့။ ကျွန်တော်လည်း လုပ်ခဲ့တာ ဆိုတော့။ သူတို့ကိုကွပ်ကဲတယ်။ ၁၀၀% ထည့်ပြီးတော့ လုပ်ထားတဲ့သူကို ကျွန်တော်တို့က ဟိုလို လုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ များများထုတ်ပေါ့။ ဟိုလူက များများထုတ်ချင်တာပေါ့။ ဒါပေမယ့် သူ့ရဲ့ ရင်းနှီးငွေနဲ့ လည်ပတ်ငွေ အများကြီးရှိသော်လည်းပဲ သူများများထုတ်လို့ရှိရင် ငါတို့ဝန်ကြီးဌာန များများ ရမယ်ဆိုပြီးတော့ စွက်ဖက်မှုတွေဟာ အများကြီးရှိပါတယ်။ အပေါ်ကမသိပေမယ့် အောက်မှာဝန်ထမ်း တွေကို PSC လုပ်တဲ့ကုမ္ပဏီတွေက အမျိုးမျိုးဝန်ထမ်းတွေရဲ့ ကွပ်ကဲမှုကို ခံနေရတာဖြစ်ပါတယ်။ ဒီနေရာမှာ စောစောကဟာနဲ့ ဆက်စပ်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင်လည်းပဲ ကုမ္ပဏီအပိုင်းကလည်း အားလုံး မဟုတ်သော်လည်းပဲ တချို့ကလည်း နေ့စဉ်ထွက်ရှိတဲ့ဟာတွေကို စာရင်းပြတဲ့အချိန်မှာ လိမ်လည်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ အားလုံးကို လိမ်တယ်လို့မပြောသော်လည်းပဲ ဖြစ်နိုင်တာပေါ့။ ဖြစ်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာတယ်။ ဝန်ထမ်းတွေကလည်းပဲ အကျင့်ပျက်တာဖြစ်လာနိုင်တယ်။ ဒီဟာတွေ လုပ်နေတယ်ဆိုတာ PSC ကြောင့် ဖြစ်လာတာဖြစ်ပါတယ်။ ရိုးရိုးအခွန်အကောက်မှာဆိုရင် ဒါတွေ မရှိနိုင်ပါဘူး။

            နောက်တစ်ခု။ ရွှေကိစ္စပေါ့။ ရွှေကိစ္စကတော့ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်လည်း တင်ဖို့ပြင်ဆင်နေပါတယ်။ ရွှေဟာ အရင်တုန်းကဆိုရင် အသေးစားတွေကို ပြည်နယ်နဲ့တိုင်းတွေကို ပေးထားတယ်။ နောက်ကျတော့ တိုင်းနဲ့ပြည်နယ်တွေကနေပြီး ဝန်ကြီးဌာနက ပြန်ယူလိုက်တယ်။ ပြန်ယူ ရတဲ့အကြောင်းကတော့ ရှိတာပေါ့နော်။ ပြီးတော့ ရွှေကို ခုနလိုပဲ PSC လုပ်ခိုင်းပါတယ်။ PSC စနစ်ဆိုတာ Observer ထားရတာဖြစ်တဲ့အတွက် ပုလဲလို ကုမ္ပဏီလေး ၅ ခုဆိုရင် ပြဿနာ မရှိဘူး။ ရွှေလည်းပဲ အသေးစားတွေကို ပြန်မယူခင်တုန်းကတော့ ကုမ္ပဏီက ၂ ခု၊ ၃ ခု လောက်ပဲရှိတော့ ပြဿနာမရှိဘူး။ အသေးစားတွေပြန်ပြီးလုပ်တော့ ကုမ္ပဏီက ဘယ်လောက်ရှိသလဲဆိုတော့ ကုမ္ပဏီပေါင်း ၄၀၀ ကျော် ၅၀၀ နီးပါး ရှိပြီ‌တော့ လုပ်ကွက်ပေါင်းက ၁၀၀၀ ကျော်လာတယ်။ လုပ်ကွက်တိုင်း၊ လုပ်ကွက်တိုင်းကို ဝန်ထမ်း ၁ ယောက်၊ ၂ ယောက်စီသွားထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တဲ့အခါမှာ ဒီရွှေတွေကို တစ်နှစ်ကို ဘယ်နှစ်ကျပ်သား အနည်းဆုံးထုတ်ရမယ်ဆိုပြီးတော့ သတ်မှတ်တယ်။ သတ်မှတ်ပြီးတဲ့အခါမှာ ဒါတွေကို သွင်းရမယ်။ ၃၅% နဲ့ ညီတဲ့ရွှေကို သွင်းရမယ်။ Observer လည်း မကြည့်နိုင်တော့ဘူး။ မင်းဟာမင်း ဘယ်လောက်ရရ၊ ငါတို့ကို ဒါသွင်းကွာဆိုပြီးတော့ ပုတ်ပြတ်ပေါ့။ တောင်းတဲ့အခါမှာ ထွက်တဲ့ ကုမ္ပဏီ တွေက ပေးနိုင်သော်လည်းပဲ အကြောင်းအမျိုးမျိုးကြောင့် မထွက်တဲ့ ကုမ္ပဏီတေွဟာ အကြွေးကျန်တာတွေ ဖြစ်မှာ ဖြစ်ပါတယ်။ ဒီမှာ ခုနတုန်းက အကြွေးကျန်တွေ ဖြစ်တာဟာ ရွှေ ၂၄ ကျပ်သားစီ သွင်းခိုင်းတဲ့ အတွက် ကြွေးကျန်တွေဖြစ်တာ ဖြစ်ပါတယ်။ အဲဒီတော့ သတ္တုတွင်းဥပဒေအရကတော့ ဒီလိုမျိုးတွေ စည်းကမ်း မလိုက်နာဘူးဆိုလို့ရှိရင် စီမံခန့်ခွဲမှုနည်းနဲ့ပဲ ယူရမှာ ဆိုသော်လည်းပဲ ဒီကြွေးကျန် တွေကို စည်းမျဉ်း အပြောင်းအလဲဖြစ်တဲ့အခါမှာ သူက အတင်းအကြပ်၊ နိုင်ငံတော်ရအောင်လုပ်တဲ့ သဘောပေါ့။ လုပ်တာတော့ နိုင်ငံတော်အတွက်ပဲ။ သို့သော်လည်းပဲ ပြည်သူတွေမှာ ဒုက္ခရောက်တာ ပေါ့နော်။ ရွှေဆိုတာလည်းပဲ တူးတဲ့သူတိုင်း လူ ၁၀၀ တူးရင် ၁၀၀ မြတ်တာ၊ ချမ်းသာနေတာ မဟုတ်ပါဘူး။ ကျောက်လည်း အဲဒီလိုပါပဲ ဘယ်လုပ်ငန်းဖြစ်ဖြစ် အားလုံးကအဆင်ပြေနေတာ မဟုတ်ပါဘူး။

            အဲဒီလိုလုပ်တဲ့အခါမှာ ကျွန်တော်တို့ ဒီမှာစာရင်းစစ်ရဲ့ အစီရင်ခံစာမှာ ကြည့်မယ်ဆိုရင် ရွှေလုပ်ကွက်တွေက ၁၃၀၀ ကျော်ကနေပြီးတော့ ၇၀၀ ကျော်ကို ကျသွားတယ်။ လူတွေဟာ မလုပ်နိုင်တော့ဘူး။ လူတွေက ပေးနိုင်ရင်တော့ ပေးမှာပဲ။ လုပ်ရင်လုပ်နေမှာပဲ။ အဲဒီတော့ ရွှေလုပ်ကွက်ပေါင်း ၇၀၀ ကျော် ကျသွားတယ်ဆိုရင် လုပ်သားတွေ ဘယ်လောက် အလုပ်လက်မဲ့ဖြစ်သွားမလဲ။ ဒီရွှေထွက်မှုရော ဘယ်လောက် လျော့ကျသွားမလဲ။ ဒါတွေဟာ PSC  ရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။ ဝန်ကြီးဌာနဘက်ကဆိုရင် ဒါကို အတင်းရအောင် ကောက်ရမယ်ပေါ့။ ရွှေကို ဘယ်လောက်အထိ ဝန်ကြီးဌာနက တွန်းတွန်းတိုက်တိုက် ကောက်လာသလဲဆိုလို့ရှိရင် ကုမ္ပဏီတွေက မပေးတဲ့အခါကြတော့ ဒီစပြီးတော့ စာချုပ်ချုပ်ကတည်းက တစ်နှစ်စာရွှေ ၂၄ ကျပ်သားကို ပေးထားဆိုပြီးတော့ လုပ်တဲ့အခါမှာ ကုမ္ပဏီတွေက ဝယ်ပြီးတော့ သွင်းရတဲ့ အခြေအနေအထိ ဖြစ်လာခဲ့တာ ရှိပါတယ်။ ဒီအထဲမှာ ရွှေလုပ်တဲ့သူတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့လည်း ကြားနေရပါတယ်။ ဒါဟာ နိုင်ငံတော်အတွက် ရအောင်လုပ်တာမှန်သော်လည်းပဲ ကျွန်တော်တို့ လုပ်နေတာဘာလဲ။ အစိုးရဆိုတာ ပြည်သူတွေအတွက် လုပ်ရမှာ။ ဒီအစိုးရအဖွဲ့လေး တစ်ခုတည်းအတွက် ရအောင်လုပ်မှာလား။ အရင်တုန်းက ဆိုရှယ်လစ်ခေတ်ဆိုတော့ ဟုတ်ချင် ဟုတ်မှာပေါ့။ အားလုံးကို ရအောင်လို့ အစိုးရကပဲ ကုန်ထုတ်လုပ်မှုတွေလုပ်၊ ကွမ်းယာဆိုင်လည်း အစိုးရကလုပ် ပြီးတော့မှပေးမယ်။ အခုဟာက ဒါမျိုး မဟုတ်တော့ဘူး။ ပြည်သူတွေလုပ်ပါ။ ပြည်သူတွေလုပ်တာကို စည်းစနစ်ကျအောင်၊ စည်းကမ်းကောင်းအောင်၊ ဝန်ထမ်းတွေရော ကျန်းမာရေးတွေကောင်းအောင်၊ သဘာဝပတ်ဝန်းကျင်တွေ မထိခိုက်အောင် ဒါတွေကို ဝန်ကြီးဌာနတွေက ကြပ်မတ်ရမယ်။ ပြီးတော့မှ သူတို့ကို အခွန်ပဲကောက်ရမယ်။ များများမြတ်တဲ့ လုပ်ငန်း ရွှေက များများမြတ်တယ်ဆိုရင် များများ Income Tax မှာ ကောက်လို့ရတာပဲ။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒီလိုမျိုး PSCနဲ့ ကောက်နေတာ ဖြစ်တဲ့ အတွက် ပြဿနာတွေ အများကြီးပေါ်တယ်။ အဆင်မပြေတာတွေ ဖြစ်တယ်ဆိုတာကို တင်ပြလိုခြင်း ဖြစ်ပါတယ်။

            နောက်တစ်ခု။ ကျွန်တော်အဆိုမတင်ခင်မှာ သုံးသပ်ရရင်တော့ စောစောကပြောတဲ့ အထဲမှာ ပါတယ်။ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတွေဟာ မိမိတို့ကိုယ်တိုင် ထုတ်လုပ်မှုလည်‌း မရှိဘူး။ သူတို့ ကိုယ်တိုင်ပါဝင်ပြီးတော့ ဖက်စပ်ပေါင်းပြီး ထုတ်တယ်ဆိုလည်း တစ်မျိုး၊ မိမိလုပ်ငန်းလည်း ဘာမှမထည့်ဘူး။ ဥပမာဆိုပါတော့ တချို့စက်ရုံတွေ ဘာတွေရှိပါတယ်။ ဥပမာ ကျောက်ပုထိုးဆိုပါတော့။ ရွှေစက်ရုံကြီးကို သူကကုမ္ပဏီကို ပေးတယ်။ ကုမ္ပဏီကိုပေးပြီးတော့ သူကအချိုးယူတယ်။ ဒါက တစ်မျိုးပေါ့။ ဒါက SS ပါတယ်။ နိုင်ငံတော်ရဲ့ SS ထည့်ထားတာ ဖြစ်တဲ့အတွက် ယူတယ်ဆိုတာ တရားမျှတတယ်။ ဘာမှ မထည့်ဘဲနဲ့ Royalty လည်းယူတယ်။ Debt Rent လည်းယူတယ်။ ဒါကို PSC စနစ်အရ ပေးရတဲ့ဥစ္စာ ကတော့ တကယ်ဆိုလို့ရှိရင် ဒါဟာအခွန်လည်း မဟုတ်ဘူး။ အခုထိလည်း အခွန်ထဲလည်း မဝင်ဘူး။ ဝန်ကြီးဌာန ဝင်ငွေဆိုပြီးတော့ ဝန်ကြီးဌာနတွေက မထုတ်ဘဲနဲ့ထုတ်သယောင် SEE အဆင့်မဟုတ်တော့ဘဲနဲ့ SEE အယောင်ဆောင်သလိုပဲဖြစ်တာ ဖြစ်တဲ့အတွက် ဒါတွေဟာ စာရင်းဇယားတွေကို Transparency မဖြစ်ပါဘူး။ နောက်တစ်ခုက ဒီလိုလုပ်တဲ့အတွက် လုပ်ငန်းရှင်တွေကို စာရင်းကိုလိမ်ယူစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကြိုက်သလောက်တောင်း၊ သူတို့ကလည်းပဲ ကြိုက်သလောက် ၃၀ ကနေ ၄၀၊ ၄၀ ကနေ ၅၀ တောင်းတာတွေတောင် ရှိပါတယ်။ သူတို့တောင်းတယ်ဆိုလို့ရှိရင် သူတို့ကလည်း ဒါမလုပ်ဘူး၊ မဟုတ်ဘူး၊ လုပ်နေတာပဲ လုပ်နေတဲ့အခါကျတော့ ဒါလွယ်လွယ်လေး စာရင်းလျှော့ပြလိုက်မယ်။ ဝန်ထမ်းတွေနဲ့ပေါင်းလိုက်မယ်။ ဒါလုပ်လို့ရတယ်။ အားလုံးကို မဆိုလိုပါဘူး။ ဒါ လုပ်နိုင်တယ်ပေါ့။ နောက်တစ်ခါ သူတို့ရဲ့လုပ်ငန်းတွေ တိုးတက်အောင် မလုပ်နိုင်ဘူး။ ဝန်ထမ်းတွေ အတွက်ကို ကျန်းမာရေးတွေ မလုပ်နိုင်ဘူး။ ကျန်မာရေးမညီညွတ်ဘဲနဲ့ ရွှေနယ်မြေမှာ ကျွန်တော်ရောက်ဖူးပါတယ်။ ဒါတွေကို ကျွန်တော်တို့ ဝန်ကြီးဌာနတွေက ကြပ်မတ်ကွပ်ကဲ ထိန်းသိမ်းရမှာဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ဆိုလည်းပဲ ဥပဒေမှာအားလုံးပါပြီးသားပါ။ မိုင်းတူးလို့ပြီးရင် ပြန်ဖို့ရမယ်။ သစ်ပင်စိုက်ရမယ်။  ဒီလိုလုပ်ဖို့ဆိုရင်လည်း ဝန်ကြီးဌာနကနေ ဝင်ငွေရှာဖို့ဆိုတဲ့ Mine Set  နဲ့ ကျွန်တော်တို့က လုပ်နေတဲ့ အခါမှာ PSC စနစ်ကြီးဟာ ဝန်ကြီးဌာနတွေကလည်း သူ့အလုပ်သူ မလုပ်ဘဲနဲ့ အတင်းလိုက်ပြီးတော့ ကောက်ရတဲ့ သဘော ဖြစ်နေပါတယ်။

            နောက် လုပ်ငန်းရှင်တွေကလည်းပဲ မြတ်မှ၊ ဝင်ငွေရှိမှ ပေးရတဲ့ အခွန်ရဲ့သဘောနဲ့ မညီညွတ်ဘဲနဲ့ မြတ်မြတ်၊ မမြတ်မြတ် ပေးဆိုတဲ့အခါကျတော့ အရင်တုန်းက ဖြစ်ခဲ့တာတွေ ထားပြီးတော့ အခုချိန်မှာတော့ လွှတ်တော် ပေါ်လာပြီးတဲ့အချိန်မှာ လွှတ်တော်ကနေပြီးတော့ ဒီဟာတွေကိုတော့ ပြည်သူတွေရဲ့အကျိုးငှာ ကျွန်တော်တို့ ခွင့်မပြု သင့်ဘူးလို့ထင်တဲ့အတွက် PSC စနစ်ကို ပြန်ဖျက်ပြီးတော့ သင့်တော်တဲ့ သာမန် ရှင်းလင်းလွယ်ကူပြီးတော့ ဝန်ထမ်းတွေရဲ့ Involvement တွေနဲ့ မဖြစ်တဲ့ အခွန်အကောက်မျိုး၊ နိုင်ငံတကာမှာ လုပ်တဲ့ အခွန်အကောက်မျိုးတွေကိုပဲ ကျွန်တော်တို့ လုပ်ဖို့သင့်ပါတယ်လို့ ကျွန်တော်အနေနဲ့  အဆို တင်သွင်းခြင်း ဖြစ်ပါတယ်။

            အဆိုကတော့ စောစောကပြောပြီးတဲ့အထဲမှာ ပါပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနတွင် ကျင့်သုံးနေ‌သော နိုင်ငံတော်မှ ရင်းနှီးထည်‌့ဝင်မှု မရှိဘဲ နိုင်ငံတော်နှင့် လုပ်ငန်းရှင်များအကြား ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ် Production Sharing Contract ဖြင့် လုပ်ဆောင်နေခြင်းသည် တိုင်းရင်းသား လုပ်ငန်းရှင်များအား ထိခိုက်နစ်နာစေပြီး ဈေးကွက်စီးပွားရေးစနစ်ဖြင့်လည်း မကိုက်ညီသောကြောင့် စောစောကပြောသလို ကိုယ့်ပစ္စည်းကိုယ်ရပြီး ဘာမှလုပ်လို့လည်းမရဘူး။ အဲဒါမျိုးလေးတွေကိုတော့ ပယ်ဖျက်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို တင်ပြအပ်ပါတယ်ခင်ဗျား။ 

 

ဆွေးနွေးချက်မရှိသေးပါ။

ဆွေးနွေးချက်မရှိသေးပါ။