၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်ရဲ့ အခွန်အကောက်ဆိုင်ရာ ရှင်းလင်းတင်ပြချက် နဲ့စပ်လျဉ်းတဲ့ ဆွေးနွေးအဆို


            ကျွန်တော်၏မူလအဆိုမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ နိုင်ငံတော်၏ အခွန်အကောက်ဆိုင်ရာ ရှင်းလင်းတင်ပြချက် စာအုပ်ရဲ့ နောက်ဆက်တွဲ(ဂ) မှာပါတဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှ ကောက်ခံနေသော ယစ်မျိုးခွန် အခွန်နှုန်းထားများ စဉ် ၁ မှ ၂၆ အထိ စဉ် ၂ အမှတ်စဉ် ၂၉ တို့အား ကျွမ်းကျင်သူများနှင့် တိုင်ပင်လျက် နှုန်းထား ပြန်လည်ပြင်ဆင် သတ်မှတ်ရန် ဖြစ်ပါတယ်။

            နာယကကြီးခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပိုမိုညီညွတ်စေရန်၊ ရှင်းလင်းရန် ရည်ရွယ်ပြီး ကျွန်တော်၏ အဆိုအား နောက်ဆုံးမှ ဆက်၍စာတစ်ကြောင်းခန့် ဖြည့်စွက်ခွင့် ပြုစေလိုပါတယ်။ ထပ်ဖြည့်မယ့် စာသားကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၄ နဲ့အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက သက်ဆိုင်ရာ ယစ်မျိုးခွန် ဥပဒေပြဋ္ဌာန်းချက်အသစ်ဖြင့် ဆောလျင်စွာ ကျင့်သုံးနိုင်ရေး တိုက်တွန်းကြောင်းဆိုတဲ့ ဖြည့်စွက်ချက်ဖြစ်ပါတယ်။ ဒီလိုတင်ပြရတာကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၅၄ အရ ဒေသဆိုင်ရာ အစိုးရများကို ခွင့်ပြုထားသော်လည်းပဲ (1917 Excited Act) ၁၉၁၇ ယစ်မျိုးခွန်အက်ဥပဒေကိုသာလျှင် ပြည်နယ်နဲ့တိုင်း အားလုံးက ကျင့်သုံးနေဆဲဖြစ်ပြီးတော့  ပြည်ထောင်စု ရဲ့ အခွန်အကောက်ရငွေ ယစ်မျိုးခွန်အနေနဲ့ ပြည်ထောင်စုနယ်မြေဖြစ်တဲ့ နေပြည်တော်ကောင်စီမှာသာလျှင် ရရှိတဲ့အတွက် နှုန်းထားပြင်ဆင်သတ်မှတ်ဖို့ကတော့ နေပြည်တော်ကောင်စီနယ်မြေကိုပဲ တိုက်တွန်းလိုခြင်း ဖြစ်ပါတယ်။ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွက်ကတော့ သက်ဆိုင်ရာ ဒေသန္တရ အစိုးရများက တင်သွင်းပြီးတော့ သက်ဆိုင်ရာလွှတ်တော်များက ယစ်မျိုးခွန်အတွက် ဥပဒေပြဋ္ဌာန်းကြရမှာ ဖြစ်ပါတယ်။ ယင်းပြဋ္ဌာန်းတဲ့ ဥပဒေများမှာလည်း နည်းတယ်၊ များတယ်လို့ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော်က ဝင်ရောက် စွက်ဖက်မည်မဟုတ်ပါ။ ဒါကြောင့်မို့လို့ ကျွန်တော့ရဲ့ အဆိုဟာဆက်လက် ဆွေးနွေးခွင့် ရမယ်ဆိုရင် အဆိုကိုဝင်ရောက်ဆွေးနွေးမယ့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၄ နဲ့အညီ ဆွေးနွေးနိုင်ဖို့အတွက် ကျွန်တော့ရဲ့အဆိုကို ရှင်းလင်းအောင် ထပ်ဖြည့်ရခြင်းဖြစ်ပါတယ် ခင်ဗျား။

            နာယကကြီးခင်ဗျား။ လူငယ်လူရွယ်များအကြားမှာ လောင်းကစားမှု ပပျောက်ရေးကိစ္စများ၊ မူးယစ်ရမ်းကားမှု ပပျောက်ရေး ကိစ္စများအကြောင်းကို လွှတ်တော်ကိုယ်စားလှယ် အချို့က လွှတ်တော် အသီးသီးမှာ ပြည်ထဲရေးကဏ္ဍနဲ့ စပ်လျဉ်းလို့ မေးခွန်း၊ အဆိုတွေ ဆွေးနွေးကြကတည်းက ဒီကိစ္စကိုတော့ အမေးအဖြေလုပ်ရုံ၊ အဆိုတင်ရုံနဲ့ မလုံလောက်ဘဲနဲ့ အခွန်စနစ်နဲ့ ထိန်းသိမ်းမှသာလျှင် ထိရောက်မှု ရှိမယ်လို့ ယူဆတဲ့အတွက် အခွန်အကောက်ဆိုင်ရာ ဥပဒေအဆိုတွေ တင်သွင်းမယ့် ဒီနေ့လိုနေ့မျိုးကို တစ်နှစ်ကျော်အောင် ကျွန်တော်တို့ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ဟာ အလွန် မင်္ဂလာရှိတဲ့နေ့လို့ ဆိုချင်ပါတယ်။

            လေးစားအပ်ပါသော နာယကကြီးခင်ဗျား။ အဆိုမတင်သွင်းမီမှာ ကိုယ်စားလှယ်များဟာ ဥပဒေအရ ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်တတ်လာအောင် နာယကကြီးရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့အတူ တိုးတက်ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ တစ်ခုကိုလည်း ကြိုတင် အစီရင်ခံလိုပါတယ်။ လွှတ်တော် သက်တမ်းစတင်ခါစမှာ ကျွန်တော်တို့ကိုယ်စားလှယ်တွေက နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးနဲ့ ပတ်သက်လာရင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၅ တစ်ခုတည်းကိုပဲ ပြေးမြင်ကြပြီးတော့ ဒါဟာဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အဓိကတာဝန်ပဲလို့ ထင်မြင်မိကြပါတယ်။ နိုင်ငံ့ဘဏ္ဍာအတွက် ဖွဲ့စည်းထားတဲ့ ပညာရပ်များဟာ ရှေ့နေရှေ့ရပ် ပညာရပ်တစ်ခုတည်းနဲ့ ထိုးဖောက်နှံ့စပ်ဖို့ မလွယ်ကူမှန်း အခုအားလုံး သဘောပေါက်နေကြပြီဖြစ်ပါတယ်။ ထိုနည်းတူ နာယကကြီးက ရေးရာကော်မတီများစွာကို ဖြန့်ခွဲလျက် စိစစ်အစီရင်ခံစေတဲ့အပြင် ကိုယ်စားလှယ်တွေရဲ့ မူလအခွင့်အရေးအတိုင်း တစ်ဦးချင်းကိုလည်း အဆို ဆွေးနွေးခွင့်ပေးလာတဲ့အတွက် ပညာရပ်နယ်ပယ် အသီးသီးကို ထိရောက်စွာ ထိုးဖောက်လာနိုင်တာဟာ ဒီနေ့လွှတ်တော်ရဲ့ ဂုဏ်ယူစရာ တိုးတက်မှုဖြစ်ပါတယ်လို့ တင်ပြလိုပါတယ်။

            ဒါ့အပြင်ပြောင်းလဲတာ တစ်ခုကတော့ တစ်ဦးချင်းတင်ပြတဲ့ အဆိုတွေလို့ပြောသော်လည်းပဲ မိမိကော်မတီတာဝန်ကျတဲ့ ခေါင်းစဉ်တော့မဟုတ်ဘူး။ မိမိစိတ်ဝင်စားတဲ့ ခေါင်းစဉ်က တစ်ခြား ကော်မတီက ကိုင်တွယ်ဆောင်ရွက်ရတဲ့ ကိစ္စဖြစ်နေရင် ဝါသနာတူရာ၊ ကျွမ်းကျင်ရာတွေ စုစည်းတိုင်ပင်ပြီးတော့မှ တင်ပြလာတတ်ကြတာဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့ ကျွန်တော့အဆိုဟာလည်းတစ်ဦးတည်း တွေးခေါ် တင်ပြတာမျိုး မဟုတ်ဘဲ မူးယစ်စေတဲ့၊ အန္တရာယ်ဖြစ်စေတတ်တဲ့၊ စားသုံးမှုနဲ့ ပတ်သက်နေတဲ့ အခွန်ကိစ္စအပေါ်မှာ စိတ်ဝင်စားသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ စုစည်းတိုင်ပင်ပြီးမှ တင်ပြတဲ့ ကော်မတီ တစ်ခုမှာ ချပြဆွေးနွေးပြီးမှ တင်ပြတဲ့ အဆိုမျိုးသာဖြစ်ပါကြောင်း ကြိုတင်အစီရင်ခံ တင်ပြအပ်ပါတယ်။

            နာယကကြီးခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၄ နဲ့ နောက်ဆက်တွဲဇယား ၅ အရ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက ကောက်ခံရမယ့်အခွန် ၁၉ မျိုးထဲမှာ ယစ်မျိုးခွန်ဟာ ထိပ်ဆုံးနံပါတ် ၂ မှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များမှ တင်သွင်းပြီး အသီးသီးပြင်ဆင် သတ်မှတ်သင့်တယ်လို့ ယူဆရရှိပါတယ်။ ဒါကိုကြည့်ရင် စီနီယာနံပါတ် ၂ မှာရှိတဲ့ ယစ်မျိုးခွန်ကိစ္စကို တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များက ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ အကောင်အထည် မဖော်နိုင်သေးဘူးလို့ ဖော်ပြနေတာတွေ့ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနကို စုံစမ်းချက်အရ ယခုအထိ လွတ်လပ်ရေး မရမီက ပြဋ္ဌာန်းခဲ့တဲ့ ၁၉၁၇ ယစ်မျိုးခွန် အက်ဥပဒေနဲ့ပဲ ဆောင်ရွက်နေရတုန်းဖြစ်တဲ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေဇယား ၅ ကိုလည်း လိုက်နာရတာဖြစ်တဲ့အတွက် ပြည်ထောင်စုရဲ့ ယစ်မျိုးခွန်ရငွေဟာ ပြည်ထောင်စု နယ်မြေဖြစ်တဲ့ နေပြည်တော်ကောင်စီ တစ်ခုတည်းက ရငွေသာဖြစ်နေသေးတယ် ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဖော်ပြရရင်၂၀၀၈ ခုနှစ်မတိုင်မီ အမျိုးသားညီလာခံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့တဲ့ခေါင်းဆောင်များနှင့် ပညာရှင်များကို လေးစားပါတယ်။ ဘာကြောင့်လဲဆိုတော့ ယစ်မျိုးခွန်ကို တိုင်းဒေသကြီး/ပြည်နယ်အဆင့်မှာ ကောက်ခံခွင့်ရှိအောင် ပြဋ္ဌာန်းပေးခဲ့တာဟာ တော်ရုံတန်ရုံ အတွေးအခေါ်နဲ့ ဟုတ်ဟန် မတူပါဘူး။ သူ့အရပ်နဲ့ သူ့ဇာတ်ကိုက်ညီစွာ ဆောင်ရွက်စေလိုတဲ့ စေတနာ အရင်းခံကို တွေ့ရမှာဖြစ်ပါတယ်။ ဒေသအလိုက် အကောင်အထည် ဖော်သူတွေရဲ့ အရည်အသွေးပေါ်မှာပဲ ပြည်သူတို့အကျိုးခံစားရမှာဖြစ်ပါတယ်။ ကျွန်တော့ရဲ့အဆိုမှာ ချန်လှပ်ထားခဲ့တဲ့ ယစ်မျိုးလိုင်စင် အမှတ်တွေကတော့ အဲဒီ့နေရာတွေမှာ လေလံဆိုပြီး ဖော်ပြထားတဲ့အတွက် လေလံဆိုရင်တော့ စျေးနှုန်းတွေ ထိုက်သင့်တဲ့အထိ တက်ပြီးတော့ တိုင်းပြည်လည်း ဝင်ငွေရ၊ အဖျော်ယမကာကိုလည်း ကြုံရာကျပန်း ထုတ်လုပ်နိုင်မှုကို ထိန်းသိမ်းနိုင်မယ်လို့ ယူဆတဲ့အတွက် ချန်လှပ်ထားခြင်းဖြစ်ပါတယ်။

            အဆိုတင်တဲ့ အပိုင်းတွေကတော့ မန္တလေးတစ်ခုတည်း အတွက်သာ အခွန်နှုန်းမြှင့်ထားပြီးတော့ နေပြည်တော်၊ ရန်ကုန်နဲ့ အခြားဒေသတွေအတွက် အခွန်နှုန်းချထားတာဖြစ်လို့ ပြင်ဆင်စေလိုခြင်း ဖြစ်ပါတယ်။ အားလုံးကို ခြုံကြည်‌့ရင် လက်ရှိရှင်းလင်းချက်ထဲမှာပါတဲ့ ကျင့်သုံးဆဲနည်းဥပဒေကိုသာ ဆိုလိုပါတယ်။ ဒေသလွှတ်တော် အသီးသီးက ပြဋ္ဌာန်းချိန်မှာတော့ ကျွန်တော်တို့က တိုးခြင်း၊ လျေှာ့ခြင်းကို ဝင်ရောက် စွက်ဖက်မည်မဟုတ်ပါ။ ယခုအချိန်မှာ တင်ပြလာတဲ့ ကိစ္စကိုပဲ အထူးသဖြင့် တိုက်တွန်းခြင်း ဖြစ်ပါတယ်။ လက်ရှိပြဋ္ဌာန်းချက်မှာ ယခင်ကမန္တလေးမှာ နိုင်ငံပိုင် အဖျော်ယမကာစက်ရုံရှိလို့ သူနဲ့အပြိုင် မဖြစ်စေလိုတဲ့အတွက် မန္တလေးအခွန်နှုန်း တစ်ခုတည်း တိုးမြှင့်ထားတယ်လို့ ယေဘုယျယူဆရန် ရှိသော်လည်းပဲ တစ်နည်းအားဖြင့် မန္တလေးရဲ့အထက် နယ်စပ်တိုင်းပြည်တွေက အခွန်ယမကာတွေ ဘုံးပေါလအော ဝင်ရောက်လာမှာကို ကာကွယ်ရန် ဖြစ်နိုင်တယ်လို့ ယူဆရန်တစ်မျိုး ရှိသော်လည်းပဲ ဒီကနေ့လက်တွေ့ အခြေအနေမှာတော့ အဲဒီ့နယ်စပ်က အဖျော်ယမကာတွေဟာ အနောက်တောင်ဘက်မှာဆိုရင် ဟိုင်းကြီးကျွန်း အထိလည်းကောင်း၊ အရှေ့တောင်ဘက်မှာဆို ကော့သောင်း မြို့ဖျားထိလည်းကောင်း ရောက်ရှိနေတယ်ဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။

            ဒီအချက်တစ်ခုကြောင့်လည်း ယစ်မျိုးခွန်စနစ်ကို ပြန်လည်သုံးသပ်လိုတာ ဖြစ်ပါတယ်။ ကုန်ကြမ်း ရရှိမှုကို ကြည့်မယ်ဆိုရင်လည်း ကျွန်တော်တို့ သယံဇာတကျိန်စာလို့ ပြောရလောက်အောင် အရက်ရဲ့ အခြေခံပစ္စည်းဖြစ်တဲ့ စပါး၊ ကောက်ညှင်း၊ ပြောင်းဆန်၊ ကြံ၊ ပီလောပီနံတို့ စသည်တို့ဟာ ကျွန်တော်တို့ တစ်နိုင်ငံလုံးဘယ်မှာ စိုက်စိုက် ဖြစ်ထွန်းနေတာကို တွေ့ရတာဖြစ်ပါတယ်။ လျှပ်စစ်မီး မလုံလောက်လို့ FBI တွေဝင်မလာသေးဘဲ တုံ့ဆိုင်းနေတဲ့ ရန်ကုန်တိုင်းထဲက စက်မှုဇုန် နေရာမျိုးတွေမှာတောင် စပါးခွန်နဲ့ ချက်တဲ့ အရက်ချက်စက်ရုံတွေက တစ်ခါမှ ရပ်ဆိုင်းသွားတယ်လို့ မကြားဖူးပါဘူး။ သူတို့စျေးကွက်ကို ဖျက်နိုင်တဲ့ နှုန်းအရကြည့်ရင် အရက်တစ်ခွက်က ဒီနေ့ လက်ဖက်ရည်၊ နွားနို့တစ်ခွက်ထက် စျေးပေါ နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အခွန်သက်သာလို့ ကုန်ထုတ်လုပ်မှုတိုးစေတယ် ဆိုပေမယ့် အရက်လို ကုန်စည်မျိုး ထုတ်လုပ်မှုတိုးမြှင့်ခြင်းကို အားပေးမလား၊ အားမပေးဘူးလားဆိုတာကို ဒီနေ့တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေက၊ ကျွန်တော်တို့ လွှတ်တော်တွေက သေသေချာချာ စဉ်းစားဖို့ လိုအပ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။

            နာယကကြီးခင်ဗျား။ အဆိုရဲ့ အနှစ်သာရကတော့ အခွန်တိုးတဲ့ဘက်ကို အဓိကမဟုတ်ပါ။ ပြည်သူ့ ကျန်းမာရေးထိန်းသိမ်း စောင့်ရှောက်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ် မဆုံးရှုံးစေရေး ဖြစ်ပါတယ်။ ကိုလိုနီခေတ် အုပ်ချုပ်သူတွေရဲ့ အုပ်ချုပ်ခံတိုင်းပြည်တွေအပေါ်မှာ ဥပဒေပြဋ္ဌာန်းပုံ ပြဋ္ဌာန်းနည်းတွေကို လေ့လာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ကိုလိုနီခေတ်မှာ ဘိန်းခန်းတွေဖွင့်ပါတယ်။ အရက်ဘားတွေ ဖွင့်ပါတယ်။ တိုင်းရင်းသားဒေသခံတွေ လူမှန်းသူမှန်းမသိ မူးယစ်နိုင်ကြအောင် အင်အားချိနဲ့သွားဖို့ ဖြစ်ပါတယ်။ အုပ်ချုပ်သူမင်းများ တယိမ်းတစေး စည်းကမ်းရှိထိုင်သောက်ရတဲ့ ကလပ်တွေမှာတော့ ဒေသခံတွေကို ဘယ်တုန်းကမှ ဝင်ခွင့်မပြုခဲ့ပါဘူး။ တစ်ဖက်က အခွန်ရအောင်သာ လမ်းဖွင့်ပေးထားပြီးတော့ ဒေသခံပြည်သူတွေထဲက လူငယ်တွေအညွန့်မကျိုးအောင် ပြန်လည်ထိန်းကျောင်းမယ့်ဥပဒေတွေ သူတို့နိုင်ငံမှာလို ပြဋ္ဌာန်းပေးခဲ့ခြင်းမရှိတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

            လွတ်လပ်ရေးရပြီးတဲ့ ဒီဘက်ခေတ်မှာကြည့်ရင် ဥပမာ စင်ကာပူမှာဆိုရင် ထီထိုးတာတောင်မှ ဌာနဆိုင်ရာ ဝန်ထမ်းယူနီဖောင်းနဲ့ဖြစ်စေ၊ အသက်မပြည့်တဲ့ ကျောင်းသားလူငယ်ကိုဖြစ်စေ ထီရောင်းပေးလိုက်တာနဲ့ အဲဒီ့ဆိုင်ကို အရေးယူဖို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကအခွန်ရရင်ပြီးရောဆိုတဲ့ ကိုလိုနီနယ်ချဲ့ရဲ့ ထောင်ချောက်ကို သူတို့ဘာသာပြန်ထိန်းတဲ့ နမူနာကောင်းဖြစ်ပါတယ်။ သြစတြေးလျမှာဆိုရင် စားသောက်ဆိုင်ဘားမှာ Warning ပေးထားပါတယ်။ ရေးထားပါတယ်။ ခွက်ချင်နဲ့ ရောင်းတဲ့နေရာမှာ အမူးလွန်တဲ့ပုံတွေ့နေမှန်း သိပါလျက်နဲ့ ထပ်ပြီးလာဝယ်တဲ့သူကို ပထမတစ်ကြိမ် ရောင်းလိုက်မှန်းတိုင်တဲ့ လူရှိရင် ဒဏ်ငွေ Australia ဒေါ်လာ ၄၀၀၀ ပေးရပါတယ်။ နောက်ထပ်ကျူးလွန်ရင် ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူမှာဖြစ်ပါတယ်။ ကျွန်တော်တို့အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် ဘုရင့်မွေးနေ့ပွဲတို့၊ ရွေးကောက်ပွဲကာလတို့မှာ အရက်မသောက်ရနေ့တွေ သတ်မှတ်ပါတယ်။ ဆိုင်က မရောင်းပေးရုံတင် မဟုတ်ပါဘူး။ သူ့ဆိုင်ထဲက မမြင်ကွယ်ရာမှာ ကိုယ့်ပုလင်းကိုယ်ယူလာပြီး သောက်ပါမယ်လို့ စမ်းကြည့်ပါ။ လုံးဝခွင့်မပြု ပါဘူး။ ဥပဒေရော၊ ဥပဒေစိုးမိုးမှုရော အလွန်ခိုင်မာနေတာကို တွေ့ရပါတယ်။ ဒါတွေက သူ့နည်းသူ့ဟန်နဲ့ အမျိုးသားရေး ထိန်းသိမ်းကြတာ၊ လူ့စွမ်းအားအရင်းအမြစ် ထိန်းသိမ်းကြတာကို အတိုချုပ်တင်ပြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုလိုနီခေတ်က နယ်ချဲ့တို့ မပြဋ္ဌာန်းခဲ့တဲ့ ပြန်ထိန်းနည်းတွေကို ကျွန်တော်တို့ လုပ်ဖို့ အချိန်တန်ပြီလို့ ဆိုလိုချင်တာဖြစ်ပါတယ်။

            နာယကကြီးခင်ဗျား။ ဒီလိုစွက်ဖက်ပြီး တင်ပြနေရတာလည်းပဲ သက်သေအထောက်အထား လွယ်လွယ်ကူကူ ရှိပါတယ်။ ဒီကနေ့ နေပြည်တော်လို့ ဖွဲ့စည်းထားတဲ့ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့ ပေါ်ကလမ်းမကြီးတွေမှာ ညနေစောင်းရင် လိုက်ကြည့်ပါ။ အဖျော်ယမကာဆိုင်နဲ့ လက်ဖက်ရည်ဆိုင် ဘယ်ဆိုင်ကအရေအတွက် ပိုများနေသလဲဆိုတာကို သိသာမှာဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့က ထောင်ချောက်ဆင်သွားတဲ့အပေါ်မှာ ကိုယ့်လူမျိုးရဲ့ စရိုက်ကလေးကလည်း ပေါင်းစပ်လိုက်တော့ အဖတ်ဆယ်မရ ဖြစ်ပါတယ်။ ကိုယ့်လူမျိုးရဲ့ စရိုက်ဆိုတာက စိတ်ပါပါ မပါပါ တစ်ဦးနဲ့တစ်ဦး အလွန်ဖျက်ဆီးတတ်၊ လိုက်လျော တတ်တာဖြစ်ပါတယ်။ ခေါင်းဆောင်မှုဆိုင်ရာသင်တန်းတွေ သံတမန်သင်တန်းတွေမှာ အနောက်တိုင်း သင်ရိုးညွှန်းတမ်းတွေက ဘာသာပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို သင်ပါတယ်။ လူတစ်ဦးတစ်ယောက် မသောက်ချင်တာကို အတင်းမတိုက်ရ။ မသောက်နိုင်တော့ဘူးလို့ ငြင်းရင်သူ့ခွက်ထဲနောက်ထပ် အတင်း မထည့်ရဆိုတာမျိုးဖြစ်ပါတယ်။ ဒါက အရာရှိအဆင့် နည်းနည်း ကလေးကိုပဲ သင်ပေးထားတာဖြစ်ပြီးတော့ တစ်နိုင်ငံလုံးမှာကတော့ မြန်မာတွေ ဝိုင်းထိုင်လိုက်တာနဲ့ ချကွာ ချကွာဆိုပြီးတော့ ဖြစ်ကြတာပါ။ အရက် တစ်ပက်ကို အနည်းဆုံး တစ်နာရီကြာအောင် မျှင်းပြီးသောက်မှ အသည်းက ခံနိုင်ရည်ရှိမယ်ဆိုတဲ့ စည်းစနစ် မျိုးနဲ့လည်း သောက်တတ်ကြတာမဟုတ်ပါဘူး။ အထက်တန်းကျောင်းသားတွေ အရက်စသောက်လာတဲ့ ခေတ်မှာ ကောလိပ်ကျောင်းလောက်ထိ အရက်သောက်နည်းနိဿရည်းကို ဘယ်သူမှမသင်ပါဘူး။ မီဒီယာပိုင်းကလည်း ဒီနေ့ ဇာတ်လမ်းတွဲတွေကိုကြည်‌့ရင် ကောင်မလေးမူးလို့ ကောင်လေးကကုန်းပိုးပြီး ပြန်ရတာတွေလည်း တွေ့နေပါတယ်။ တကယ်တမ်း သူတို့ဆီမှာ ဆိုင်တွေမှာ ဥပဒေအရ အဲသလို အမူးလွန်လို့ မရဘူးဆိုတာ ပြည်သူတွေသိအောင်အောက်က စာတမ်းတော့ ထိုးသင့်ပါတယ်။ ကျွန်တော်တို့ဆီက သံအမတ်ကြီးရဲ့ အဲဒီ့နိုင်ငံမှာ သူ့ရဲ့ယာဉ်မောင်းက မူးရင်မမောင်းရဆိုတဲ့အတွက် လမ်းဘေးမှာ ကားထိုးပြီး အိပ်ပါတယ်။ အဲဒီ့အချိန်မှာပဲ ဟိုင်းဝေးရဲ့ကအကူအညီ ပေးရလိုပေးရငြား ဆိုပြီးလာစစ်တော့ အရက်နံ့ ရတာနဲ့ စက်နဲ့ကောက်တိုင်းလိုက်တဲ့အခါ နှုန်းမြင့်နေတဲ့အတွက် အဲဒီ့ယာဉ်မောင်းဟာ ထောင်ကျသွားပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သံအမတ်ကြီးက သူ့ကိုဘာမှမကယ်နိုင်ပါဘူး။ စိတ်မကောင်းရုံပဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဇာတ်လမ်းထဲမှာကတစ်ခြား တကယ့်အပြင်မှာ မူးချင်တိုင်းမူးလို့မရဘူးဆိုတာ ကျွန်တော်တို့ ပြည်သူတွေသိဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

            နာယကကြီးခင်ဗျား။ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှာကို အဓိကထားတင်ပြရတာကလည်း နောင်ကို လူဦးရေသန်းခေါင်စာရင်း ကောက်ယူပြီးတာနဲ့အတူ ကျန်းမာရေးဝန်ထမ်းများနဲ့ ရပ်/ကျေး အဆင့် ထွေ/အုပ်ဝန်ထမ်းများ ပိုမိုတိကျစွာသတင်းအချက်အလက် စုဆောင်းဖလှယ်နိုင်မယ်၊ အလုပ်လုပ် နိုင်မယ်ဆိုရင် တစ်ပိုင်းကလည်း NGO၊ INGOတွေရဲ့ အကူအညီ၊ စပွန်ဆာတွေနဲ့ စစ်တမ်း ကောက်ယူပွဲတွေကို ခပ်စိတ်စိတ်နဲ့ ထိထိရောက်ရောက် လုပ်ဆောင်လာနိုင်မယ်ဆိုရင် ဆေးရုံကြီးတွေမှာ စာရင်းမဝင် အင်းမဝင်ဖြစ်နေတဲ့ အသည်း၊ ကျောက်ကပ်၊ အစာအိမ်လမ်းကြောင်း ရောဂါကြောင့် သေဆုံးသူ၊ လေဖြတ်သူတွေရဲ့ ရာခိုင်နှုန်းကို အတိအကျ သိရှိလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီ ဆဋ္ဌမလွှတ်တော်ကာလမှာပဲ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးရဲ့တင်ပြချက်ဟာ အလွန်စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။ ပြည်သူ့ဆေးရုံတွေမှာ ပြည်သူတွေ ကိုယ့်ဆေးကိုယ် မဝယ်ရလေအောင် နိုင်ငံတော်က ဘတ်ဂျက်ဘီလီယံ ၅၀ လည်း တိုးပေးလိုက်ရော ထုတ်လုပ်မှုနဲ့ စျေးကွက်သဘောတရားအရ မှာချင်တဲ့ဆေး အရေအတွက်ရဖို့ ၂ နှစ်လောက် စောင့်ရမယ် ဖြစ်ခဲ့ပါတယ်။ အခုအရက်ကြောင့်မို့လို့ ပြည်ပဆေးကို အားကိုးရတဲ့ ဝေဒနာရှင် အလွန်များတယ်ဆိုပါစို့။ ၂ နှစ်အတွင်း ဘယ်လောက် သေဆုံးနိုင်ချေရှိတယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တစ်နိုင်ငံလုံးကွမ်းစားတဲ့နှုန်းရယ်၊ အရက်၊ ဆေးလိပ်သောက်တဲ့နှုန်းရယ်၊ စားအုန်းဆီစားတဲ့ နှုန်းရယ်၊ တာရှည်ခံ ဓာတုပစ္စည်းပါတဲ့ အသင့်သုံးအစားအစာ စားတဲ့နှုန်းရယ်၊ စားသုံးမှု ပုံစံရယ်ကို ပေါင်းလိုက်မယ်ဆိုရင် နှစ်အနည်းငယ်အတွင်းမှာ အဲဒီ့နိုင်ငံကို လက်နက်နဲ့သိမ်းယူ ကျွန်ပြုဖို့ မလိုအပ်တော့ဘူးလို့ အဖြေထွက်လာမှာ ဖြစ်တဲ့အတွက် ဒီနေ့ဒီအဆိုကို တင်သွင်းခြင်း ဖြစ်ပါတယ်။

            လူ့စွမ်းအားအရင်းအမြစ်ကို ထိန်းသိမ်းတဲ့နေရာမှာ အလျဉ်းသင့်လို့ အတုယူစရာလေးတစ်ခုကို သင့်တယ်ထင်လို့ တင်ပြလိုပါတယ်။ မကွေးတိုင်းဒေသကြီးက မကွေးမြို့တော်ဟာ လမ်းဆုံမြို့တော်ဖြစ်တာ နဲ့အတူ ဆေးတက္ကသိုလ်အပါအဝင် တက္ကသိုလ်ကောလိပ်ပေါင်းများစွာ ကြက်ပျံမကျ စည်ကားပြီးတော့ ပညာရေးကိုဆောင်ရွက်နေတဲ့ မြို့တော်ဖြစ်ပါတယ်။ ဒီလိုမြို့တော်ဖြစ်တာနဲ့အညီ ဘော်ဒါဆောင်တွေလည်း အများကြီး ရှိပါတယ်။ မကွေးမြို့က ဘော်ဒါဆောင်တွေရှိတဲ့ ရပ်ကွက်တိုင်းမှာ လမ်းကြိုလမ်းကြားရော လမ်းမကြီးမှာပါ အအေးဆိုင်ဟာ အအေးပဲရပါတယ်။ အရက်လုံးဝမရောင်းရပါဘူး။ ဘီယာ မရောင်း ရပါဘူး။ ဝိုင်တစ်ခွက်တောင် ဝယ်လို့မရတဲ့အခါ ကျွန်တော်တို့ သူ့ဒေသဆိုင်ရာအစိုးရက သူ့ဘာသာသူ စီစဉ်ဆောင်ရွက်နေတာ အတုယူစရာ ဖြစ်ပါတယ်။ တခြားခပ်ဝေးဝေးမှာ သွားဝယ်ရင်လည်း ရနိုင်တာပဲလို့ ဆင်ခြင်ပေးလို့ရပေမယ့် လွယ်တာထက်တော့ ခက်တာဟာ ကောင်းပါတယ်လို့ ကျွန်တော့အနေနဲ့ အယူအဆကို တင်ပြလိုပါတယ်။

            နာယကကြီးခင်ဗျား။ ကျွန်တော့ရဲ့အဆိုထဲမှာ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ရန်လို့ ပါပါတယ်။ ဒေသန္တရအလိုက် ကိုက်ညီအောင် ပြောင်းလဲဖို့သာဖြစ်ပါတယ်။ ဗဟိုကနေပြီးတော့ တစ်ဖွဲ့ထဲက လက်တန်းတန်းပြီးတော့ ပြင်ဆင်ဖို့ မဆိုလိုပါဘူး။ နှုန်းထားတက်တာ မသင့်လျော်ရင်လည်း မှောင်ခိုအားပေးသလို ဖြစ်ပြီးတော့ အရက်ပုန်းတွေ၊ ချက်ပုန်းတွေသာ ပြန်လည်ခေါင်းထောင်လာကာ ခုတ်ရာတစ်ခြား ရှရာ တစ်လွဲဖြစ်မှာကိုလည်း စိုးရိမ်မိတဲ့အတွက် ပညာရှင်ကျွမ်းကျင်သူများနဲ့ များများတိုင်ပင်ပါလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ကိုလိုနီခေတ်ရဲ့ ယစ်မျိုးလိုင်စင်အစမှာ ဟိုတုန်းကမြို့ပိုင်၊ နယ်ပိုင်နဲ့ ယစ်မျိုးဝန်ထောက်မင်းတွေဟာ ပညာရှင်တွေနဲ့တိုင်ပင်ဖို့မလိုပါဘူး။ ဒီကနေ့ ကိုယ့်မင်းကိုယ်‌့ချင်း ခေတ်မှာတော့ ဒီနေရာကို အစားထိုးဝင်ရောက်လာတဲ့ အောက်ခြေက ထွေ/အုပ်ဝန်ထမ်းတွေဟာ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ သတိထားစရာကိုသာ ညွှန်ပြလိုခြင်းဖြစ်ပါတယ်။

            ဒီနေရာမှာ ကမ္ဘာ့ဂန္တဝင် ဝတ္ထုတစ်ပုဒ်ကို ညွှန်းလိုပါတယ်။ အချုပ်အားဖြင့် အမေရိကတိုက်က စွန့်ဦးတီထွင် စက်မှုလုပ်ငန်းရှင်ရဲ့ အမွေဆက်ခံမယ့်သမီးကို ဥရောပတိုက်က သတို့သားက ကမ်းလှမ်းတဲ့ အခမ်းအနားမှာ ဖြစ်ပါတယ်။ သတို့သားက ဘယ်အရပ်က မြို့စားနယ်စား ဖြစ်ကြောင်းမိတ်ဆက်တဲ့ အခါမှာ အဖေလုပ်တဲ့ စက်မှုသူဌေးက အဲဒီ့အကြောင်းကို အသားပေးပြီး မိတ်မဆက်ပါနဲ့။ မင်းတို့မြို့စား နယ်စားတွေ ဘယ်လိုဝင်ငွေမျိုးနဲ့ အသက်မွေးရပ်တည်တယ်ဆိုတာ ငါသိတယ်လို့ ပြန်ပြောတဲ့အခန်း ဖြစ်ပါတယ်။ ဟိုတုန်းကကိုလိုနီခေတ်မှာ ပြည်သူ့အကျိုး ကြည့်စရာမလိုဘဲနဲ့ အုပ်ချုပ်သူမြို့ပိုင် နယ်ပိုင်တွေ အာဏာရှိဖို့ ဘုရင်မကြီးရဲ့ ဘဏ္ဍာတိုက်က မစိုက်ထုတ်ရဘဲ ရန်ပုံငွေအိတ်ဖောင်းဖို့  ပေးစားထားတယ်လို့ ဖြစ်ပါတယ်။ တစ်ဖက်က အကျိုးအမြတ်ကြီးကြီးရတာကတော့ ဒေသခံတိုင်းရင်းသားတွေရဲ့ ကာယဉာဏ ခွန်အားချိနဲ့သွားခြင်းဖြစ်ပါတယ်။ ဒါကြောင့်ယစ်မျိုးခွန်တိုးဖို့ ပြန်လည် တွက်ချက်စေခြင်းဟာ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အင်အားပြုန်းတီးသွားမယ့် အဖြစ်မျိုး မရောက်စေဖို့လည်း အဖက်ဖက်က ဝိုင်းဝန်းလုပ်ဆောင်ပေးသင့်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

            နာယကကြီးခင်ဗျား။ သို့ဖြစ်ပါ၍၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်၏ အခွန်အကောက် ဆိုင်ရာ ရှင်းလင်းတင်ပြချက်စာအုပ်ရဲ့ နောက်ဆက်တွဲ(ဂ)မှာပါရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှ ကောက်ခံနေသော ယစ်မျိုးခွန် အခွန်နှုန်းထားများ အမှတ်စဉ် ၁ မှ ၂၆ အထိ နှင့် အမှတ်စဉ် ၂၉ တို့အား ကျွမ်းကျင်သူများနှင့် တိုင်ပင်လျက်နှုန်းထား ပြန်လည်ပြင်ဆင်သတ်မှတ်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၅၄ နှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရများကသက်ဆိုင်ရာ ယစ်မျိုးခွန်ဥပဒေ ပြဋ္ဌာန်းချက်အသစ်ဖြင့် ဆောလျင်စွာကျင့်သုံးနိုင်ရေး တိုက်တွန်းကြောင်းအဆိုအား ဤပြည်ထောင်စု လွှတ်တော်မှ ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးနိုင်ပါရန် နာယကကြီးမှတစ်ဆင့် လေးစားစွာ တင်ပြအပ် ပါတယ်ခင်ဗျား။

 

ဆွေးနွေးချက်မရှိသေးပါ။

ဆွေးနွေးချက်မရှိသေးပါ။